ပေါင် နိုဝင်ဘာ ၉
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပခြင်းကို ယနေ့နံနက် (၁၁) နာရီအချိန်က (အ.ထ.က) ဇင်းကျိုက် ရတနာမွန်ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပေါင်မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းအေးက စာသင်ကျောင်းတွှေမှာ ပတ်ဝန်းကျင်သန့်ရှင်းဖို့ အမှိုက်တွေကိုစနစ်တကျစွန့်ပစ်ကြရန်၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းစေရန် ကျောင်းသား/သူများတွင် တာဝန်ကိုယ်စီရှိပါကြောင်း အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ သထုံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဟိန်းလင်းစိုးက ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးဖြင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုဆိုးကျိုးများကို ကာကွယ်ခြင်း၊ စွန့်ပစ်ပစ္စည်းများကို စနစ်တကျစွန့်ပစ်မှသာ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေပြီး အပူအအေးမျှတမည်ဖြစ်ကြောင်း ဟောပြောခဲ့သည်။
ထို့နောက် သထုံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသော်ထူပိုင်က ရာသီဥထုပြောင်းလဲခြင်းကြောင့် မုန်တိုင်းတိုက်ခတ်ကြိမ်များလာခြင်း၊ မီးတောင်ပေါက်ကွဲမှုဖြစ်လာခြင်းအပြင် အခြားရာသီဥထုနှင့်ဆက်စပ်မှုများသည် ပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့် ဖြစ်သောကြောင့် ကျောင်းသားလူငယ်များက စွန့်ပစ်ပစ္စည်းများကို တာဝန်သိစိတ်ဖြင့် စနစ်တကျ စွန့်ပစ်ကြရန်ဟောပြောခဲ့သည်။
ဟောပြောပွဲအပြီးတွင် သထုံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးဟိန်းလင်းစိုးက ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ဌေးထံသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်သည့် လက်ကမ်းစာစောင်များပေးအပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက ပတ်ဝန်းကျင်ထိန်းသိမ်းရေး နံရံကပ်စာစောင်များ၊ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုဆိုင်ရာ နံရံကပ်စာစောင်များ ကြည့်ရှုခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)