၂၀၂၃-၂၀၂၄ ခုနှစ်၊ ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ ရန်ကုန်ဇုန်(ဇုန်-၂)အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

တာမွေ နိုဝင်ဘာ

၂၀၂၃-၂၀၂၄ ခုနှစ်၊ ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ ရန်ကုန်ဇုန်(ဇုန်-၂)အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)(သင်္ဃန်းကျွန်း)၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းက အမှာစကားပြောကြား၍ ပြိုင်ပွဲအားဖွင့်လှစ်ပေးခဲ့ပြီး ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုခဲ့ကြသည်။ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က အားကစားအဖွဲ့များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီး အေရိုးဗစ်အသင်းမှ သမီးငယ်လေးများက အေရိုးဗစ်အားကစားနည်းဖြင့် သရုပ်ပြတက်ဆက်ခဲ့ကြသည်။ ထို့နောက်တက်ရောက်လာကြသူများအား  Zumba အားကစားနည်းဖြင့်လည်းကောင်း၊ ဘင်ခရာအဖွဲ့မှ သရုပ်ပြတီးမှုတ်ဖျော်ဖြေတင်ဆက်မှုများဖြင့်လည်းကောင်း သရုပ်ဖော်ပြသခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ ရန်ကုန်ဇုန်(ဇုန်-၂)အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ဆရာအတတ်ပညာဦးစီးဌာနမှတာဝန်ရှိသူများ၊ ပညာရေးဒီဂရီကောလိပ်ကျောင်း(၁၄)ကျောင်းမှ တာဝန်ရှိသူများနှင့် ဆရာ/ ဆရာမများ၊ ပြိုင်ပွဲဝင်ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်းနှင့် အဆိုပါအားကစားပြိုင်ပွဲများကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ(၉)ရက်နေ့မှစတင်ကာ သတ်မှတ်ထားသော နေရာအသီသီးတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်(တာမွေ)