တွံတေး နိုဝင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့၊ ပညာရေးစစ်ကြောင်းခေါင်းဆောင်၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော ကျောင်းသား၊ လူငယ်များ ကာယဉာဏဖွံ့ဖြိုးတိုးတက်စေရန် မြှားပစ်ပြိုင်ပွဲနှင့် အဝိုင်းလှည့်ပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဝန်းရှိ ဘတ်စကတ်ဘောကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသက်ဦးက ပြိုင်ပွဲစည်းကမ်းချက်များနှင့် အမှတ်အသားအတွင်းဝင်အောင်ပစ်နိုင်သူ၊ သတ်မှတ်အရောင်အတိုင်းအဝိုင်းလှည့်နိုင်သူများကို ကျောင်းသုံးဗလာစာအုပ်နှင့် ခဲဆံဘောလ်ပင်များ ဆုချီးမြှင့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြှားပစ်ပြိုင်ပွဲ၊ အဝိုင်းလှည့်ပြိုင်ပွဲကိုကျင်းပခဲ့ရာ သတ်မှတ်အမှတ်အသားဝင်အောင်ပစ်နိုင်သူများ၊ သတ်မှတ်အရောင်အတွင်းဝင်အောင်လှည့်နိုင်သူများကို ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲသို့ မူလတန်းအဆင့် Grade- 5 မှကျောင်းသား၊ ကျောင်းသူ (၂၀၀) ဦးတို့ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
တွံတေးသား