တပ်ကုန်းမြို့နယ် ဒဟတ်ကုန်းကျေးရွာ   အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ လူငယ်စကားဝိုင်း အခမ်းအနား ကျင်းပ

တပ်ကုန်း နိုဝင်ဘာ ၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဗလငါးတန် ပိုမိုဖွံ့ဖြိုးရေးအတွက် ဒဟတ်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) လူငယ်စကားဝိုင်း အခမ်းအနားကို နိုဝင်ဘာ ၉ ရက် နံနက်ပိုင်းက အဆိုပါကျောင်း၊ “အမြတ်ဆုံး” ဓမ္မာရုံတွင် ကျင်းပခဲ့သည်။

အဆိုပါ စကားဝိုင်းတွင် ခေတ္တမြို့နယ်ပညာရေးမှူး ဦးတင်မောင်ထွန်းက အသိဉာဏ်ပညာ ဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး၊ ဗလငါးတန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြား​ခဲ့သည်။ ထို့နောက် လူငယ်စကားဝိုင်း ဆက်လက်ကျင်းပခဲ့ရာ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က စေ့စပ်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်ပြီး၊ ဒဟတ်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ မောင်လှမင်းထက်(Grade-11)၊ မောင်ခန့်မင်းသူ(Grade-11)၊ မောင်အောင်တင်မျိုးထက်(Grade-11)၊ မသဉ္ဇာဝင်း(Grade-10)၊ မမြတ်နိုးခင် (Grade-8)တို့က “လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်အနာဂတ်၊ လူငယ်နှင့်စာရိတ္တ၊ မျိုးဆက်သစ်လူငယ် များ၏တာဝန်၊ လူငယ်နှင့်စာပေ” ခေါင်းစဉ်တို့ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းခဲ့ကြရာ စေ့စပ်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်သော ဦးစီးအရာရှိနှင့် ဦးဆောင်ဆွေးနွေးသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့ပြီးနောက် ဦးဆောင်ဆွေးနွေးသည့် ကျောင်းသား၊ ကျောင်းသူများနှင့် မေးခွန်းများ မေးမြန်းသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ပြီး၊ အမှတ် (၃) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ ရဲအုပ် ဟန်ဇော်က လူကုန်ကူးမှုနှင့် လူမှောင်ခိုမှုအကြောင်း အသိပညာပေး ဟောပြောခဲ့သည်။

အဆိုပါ ပွဲအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ၊ ရသစာအုပ်များနှင့် မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်၊ ကလေးများအတွက် အသိပညာပေး နံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများ လေ့လာကြည့်ရှုကြောင်း သိရသည်။

တင်စိုးလွင်