ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ အေးချမ်းသာယာသည့် ရွှေတြိဂံကရုဏာ ဘေးမဲ့တော

ကျိုင်းတုံ နိုဝင်ဘာ ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၊ ကျကကျေးရွာအနီးရှိ ရွှေတြိဂံကရုဏာဘေးမဲ့တောကို ဒေသအတွင်းတိရစ္ဆာန်များနှင့် သဘာဝတောတောင်သစ်ပင်များ ဘေးကင်းလုံခြုံစွာ ရှင်သန်နိုင်စေရေးနှင့် ထိန်းသိမ်းစောင့်ရှောက်နိုင်စေရေးအတွက် ဒေသခံ ဦးအားဖာနှင့် ဇနီး ဒေါ်နန်းခမ်းလီတို့က စတင်တည်ထောင်ခဲ့ပြီး ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၂၁ ရက်တွင် မိုင်းဖုန်းဆရာတော်ဘုရားနှင့် ထိုင်ဝမ်ဆရာတော်တို့မှ ဦးဆောင်ဖွင့်လှစ်ခဲ့ရာ ဧက ၃၈၀  ကျယ်ဝန်း၍  တိရစ္ဆာန်မျိုးစုံ ဘေးမဲ့ထားရှိကြောင်းသိရသည်။  

ရွှေတြိဂံကရုဏာဘေးမဲ့တောတွင် သဘာဝစိမ့်စမ်းရေတံခွန် ၅ ခုနှင့် စေတီတစ်ဆူ တည်ထားကာ အေးချမ်းသာယာပြီး စိမ့်စမ်းရေများဖြင့် စိမ်းလန်းစိုပြေကာ သွားရောက်လည်ပတ်စရာကောင်းသည့် နေရာလေးတစ်ခု ဖြစ်ပါသည်။ ဘေးမဲ့တောတွင် နွားကောင်ရေ (၁၄၉)၊ ကျွဲ (၉၄)ကောင်၊ ဆိတ်(၉၃)ကောင်နှင့် ခွေး၊ ဘဲငန်း၊ ယုံ၊ ကြောင်၊ ကြက်၊ မြောက်၊ ငှက်မျိုးစုံစသည့် ဘေးမဲ့တိရစ္ဆာန်များကို ထိန်းသိမ်းစောင်းရှောက်ထားသည့်အပြင် ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်တည်တံ့နိုင်စေရန်နှင့် သဘာဝတောတောင်ထိန်းသိမ်းစောင့်‌ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ရွှေတြိဂံကရုဏာဘေးမဲ့တောမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့်  ဦးခင်မောင်ရွှေထံမှ သိရသည်။

အဆိုပါဘေးမဲ့‌တောသို့ ကျိုင်းတုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစမ်းစမ်းမာနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ရပ်နီး၊ ရပ်ဝေး စေတနာရှင် အလှူရှင်များ စုပေါင်း၍ ဇီဝိတဒါနဘေးမဲ့လှူဒါန်းခြင်းအဖြစ် ဒေသနွား ၄ ကောင်၊ နွားခြံတည်ဆောက်ရန် အတွက် သွပ်ပြား ၄၀၀ ချပ်နှင့် လိုအပ်သည်များကို နိုဝင်ဘာ ၄ ရက်က သွားရောက်လှူဒါန်း ပေးခဲ့ကြကြောင်းသိရသည်။ အဆိုပါဘေးမဲ့တောသို့ အများပြည်သူများ အခမဲ့လာရောက်လည်ပတ်လေ့လာ အပန်းဖြေနိုင်ကြောင်းလည်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)