မက်မန်းမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေ(၃၈၇.၂)သိန်းအား (ပဉ္စမအကြိမ်)ထုတ်ချေးခြင်း အခမ်းအနား ကျင်းပ

မက်မန်း နိုဝင်ဘာ ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အေးကျန့်ကျေးရွာအုပ်စု၊ ကွန်ဟောင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေ ပဉ္စမအကြိမ် ထုတ်ချေးခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က ကွန်ဟောင်းကျေးရွာခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မက်မန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထွန်းလင်းအောင်က မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေဖြင့် ကွန်ဟောင်းကျေးရွာရှိ ဒေသခံပြည်သူများအနေဖြင့် စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းများနှင့် အသေးစားစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လိုသူများ လိုအပ်သည့် ငွေကြေးအရင်းအနှီး ရရှိနိုင်စေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေ ထုတ်ချေးပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မက်မန်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ခရိုင်ဦးစီးမှူး ဦးစိုင်းအောင်မျိုးထက်မှ စီမံကိန်းအကြောင်းအရာများ၊ အတိုးနှုန်း၊ ကာလသတ်မှတ်ချက်များနှင့် ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ဦးစီးမှူး ဦးမိုင်းညီဇော်လှအောင်နှင့် မြို့နယ်မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းအဖွဲ့က ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ထံသို့ ရန်ပုံငွေကျပ် (၃၈၇.၂)သိန်းအား လွှဲပြောင်း ပေးအပ်ခဲ့ခြင်း၊ ကျေးရွာမြစိမ်းရောင်စီမံကိန်း လုပ်ငန်းအဖွဲ့က စီမံကိန်းရန်ပုံငွေ ပဉ္စမအကြိမ်အဖြစ် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်တစ်ဦးအား ကျပ်(၁၀)သိန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ (၁၇)ဦးအား ကျပ်(၂၄၇.၂)သိန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ(၈)ဦးအား ကျပ်(၁၃၀)သိန်း၊ စုစုပေါင်း အသင်းသား/သူ (၂၆)ဦးကို ရန်ပုံငွေကျပ် (၃၈၇.၂)သိန်းကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

စောဥမ္မာ (ခရိုင်၊ပြန်/ဆက်)