မိုင်းဆတ် နိုဝင်ဘာ ၉
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် (၉) နာရီက အ.မ.က(မယ်ဆတ်)ကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလင်းထင်ကျော်က မိမိတို့ဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပန်းချီ၊ ကဗျာရွတ်၊ ပုံပြင်ပြောစသည့် ပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးလျက်ရှိသည့်အတွက် ဖိတ်ခေါ်ပါက ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ကြစေလိုကြောင်းနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မိုင်းဆတ်ခရိုင်ရုံးမှ ရုပ်သံကျွမ်းကျင်-၃ ဒေါ်ခိုင်သဲစုပိုင်က ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာများနှင့် အားလပ်ချိန်များတွင် စာဖတ်ခြင်းဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပပြုလုပ်ပေးခဲ့ရာ အသံထွက်မှန်ကန်ကောင်းမွန်စွာ ဖတ်ရှုနိုင်သည့် ကျောင်းသား၊ ကျောင်းသူများကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဗလာစာအုပ်များ ချီးမြှင့်ပေးအပ်ခဲ့ပြီး ဦးစီးအရာရှိ ဦးလင်းထင်ကျော်က ကျောင်းသား၊ ကျောင်းသူများအတွက် ဗလာစာအုပ်များ ပေးအပ်လှူဒါန်းရာ အ.မ.က (မယ်ဆတ်) ကျောင်းမှ ဆရာမ ဒေါ်နှင်းဝတ်ရည်က လက်ခံရယူခဲ့သည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေး နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ရရှိနိုင်သည့်ဆိုးကျိုး အသိပညာပေးနံရံကပ်စာစောင်နှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြပြီး ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များထဲမှ ဖတ်ရှုလိုသည်များကို ငှားရမ်းဖတ်ရှုခဲ့ကြကြောင်း သိရသည်။
မြင့်မောင်(မိုင်းဆတ်)