လားရှိုးမြို့သို့ ထပ်မံရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာသူများအား လိုအပ်သည်များ ကူညီဆောင်ရွက်ပေး

လားရှိုး နိုဝင်ဘာ ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့အနီးတွင် နိုဝင်ဘာလ ၈ ရက်နေ့နှင့် ၉ ရက်နေ့များတွင် တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် မတ်ချိနု၊ မိုင်းတင်စသည့်ကျေးရွာများမှ ဒေသခံများသည် လားရှိုးမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများသို့ ထပ်မံရောက်ရှိလာနေကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားလျက်ရှိသည့် မိုင်းတင်ကျေးရွာနှင့်အနီးပတ်ဝန်းကျင်တွင် လက်နက်ကြီးပစ်ခတ်သံများ၊ လက်နက်ငယ်ပစ်ခတ်သံများ ကြားနေရခြင်းကြောင့် ဒေသခံများအနေဖြင့် လားရှိုးမြို့သို့ ရောက်ရှိလာခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

“ရွာနားမှာလက်နက်ကြီးကျည်တွေကျတယ်။ ထိခိုက်မှုတွေ ရှိတယ်။ ကျွန်မတို့ ရွာမှာမနေရဲဘူး။ ဒါကြောင့် ရွာကလူတွေအကုန်လုံးနီးပါး လားရှိုးကို ထွက်လာခဲ့ကြတယ်။” ဟု မိုင်းတင်ကျေးရွာနေ ဒေသခံတစ်ဦးကဆိုသည်။

ယာယီနေရပ်စွန့်ခွာလာကြသူများသည် မိုင်းတင်ကျေးရွာမှတစ်ဆင့် လားရှိုးမြို့ပေါ်သို့ ခြေလျင်ထွက်ခွာလာခဲ့ကြပြီး လမ်းတစ်ဝက်တွင် ပရဟိတအဖွဲ့များမှ မော်တော်ယာဉ်များဖြင့် ကူညီခေါ်ဆောင်ခဲ့ကြကြောင်း သိရသည်။

ယာယီနေရပ်စွန့်ခွာလာကြသူများကို လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်တွင် နေရာစီစဉ်ထားရှိပေးပြီး အဝတ်အထည်များထောက်ပံ့ခြင်း နံနက်၊ နေ့လယ်၊ ညစာများဖြင့်လည်း ဧည့်ခံကျွေးမွေးကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)