ကျောက်ဆည်မြို့မှ တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းဖြင့် ရိုးရာအမွေအနှစ်များ ဖော်ထုတ်ပေးနေသည့် ရွှေအိုးဆင်ချိုးနှင့်ရွှေချည်ထိုးလုပ်ငန်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စီးပွားရေးလုပ်ငန်းများကို အားပေးဆောင်ရွက်မှသာလျှင် နိုင်ငံ့စီးပွားရေးသည်လည်း ဖွံ့ဖြိုးတိုးတက်မည်ဖြစ်သဖြင့် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစားပေးကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ထိုကဲ့သို့ အကောင် အထည်ဖော်ဆောင်ရွက်ပေးရာတွင် တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းဖြင့် ရိုးရာအမွေအနှစ်များဖော် ထုတ်ပေးနေသည့် ကျောက်ဆည်မြို့၊ ဖောင်ရွာရပ်ကွက်မှ ရွှေအိုးဆင်ချိုးနှင့် ရွှေချည်ထိုးလုပ်ငန်း လုပ်ကိုင်နေသူ ဦးအောင်ခိုင်စိုးနှင့် တွေ့ဆုံမေးမြန်းထားမှုကို တင်ပြလိုက်ပါသည်။

မေး- ဆရာရဲ့အမည်နဲ့ လုပ်ကိုင်ဆောင်ရွက်နေတဲ့လုပ်ငန်းနဲပတ်သက်ပြီး မိတ်ဆက်ပေးပါအုံးရှင့်။

ဖြေ- ကျွန်တော်ကတော့ ဦးအောင်ခိုင်စိုးပါ။ကျွ န်တော်တို့ လုပ်ကိုင်တဲ့လုပ်ငန်းကတော့ ရွှေအိုးဆင်ချိုးနဲ့ ရွှေချည်ထိုးလုပ်ငန်းဖြစ်ပါတယ်။

မေး- ဆင်ချိုးလုပ်ငန်းစတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပုံကိုရှင်းပြပေးပါအုံးရှင့်၊၊

ဖြေ- ကျွန်တော်ဆင်ချိုးလုပ်ငန်းကို ၂၀၀၂ ခုနှစ်မှာ စတင်လုပ်ကိုင်ခဲ့ပါတယ်။ ပထမဦးဆုံး စတင်လုပ်ကိုင်ချိန်ကတော့ ကျွန်တော်ဝါသနာအရ တီထွင်ဆန်းသစ်ပြီးလုပ်ကြည့်တာပါ။ လုပ်ကြည့်တော့ ဖြစ်မြောက်အောင်မြင်ပါတယ်။ ၂၀၀၄ ခုနှစ်လောက်မှာ ကျောက်ဆည်မြို့နယ်က ကြီးမှူးကျင်းပပေးတဲ့ ဆင်အကနဲ့ ဆင်ချိုးပညာသင်တန်း(၇)ရက် တက်ရောက်သင်ကြားခွင့် ရခဲ့ပါတယ်။ သင်တန်းဆရာကတော့ နိုင်ငံကျော် ဆင်ချိုးပညာရှင်ကြီးဆရာကြီး ဦးကျော်လေး ဖြစ်ပါတယ်။ ဆရာကြီး ဦးကျော်လေးမှ စနစ်တကျသင်ကြားပေးခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ကျွန်တော်တို့ ဆင်ရုပ်တွေ ချိုးလာတဲ့အချိန်မှာ အခုနောက်ပိုင်းမှာတော့ ယခုလိုလက်ရာမြောက်တဲ့ ဆင်ရုပ်တွေဖြစ်အောင်ချိုး နိုင်ခဲ့ပါတယ်။

မေး- ဆင်ရုပ်ချိုးလုပ်ငန်းဆောင်ရွက်တဲ့အခါမှာ ကုန်ကြမ်းတွေရရှိမှုအခြေအနေနဲ့ ပတ်သက်ပြီး ရှင်းပြ ပေးပါအုံးရှင့်။

ဖြေ- ဆင်ချိုးလုပ်ငန်းကုန်ကြမ်းအဓိကကတော့ ကျွန်တော်တို့ဝါး(နှီးဝါး)အခြေခံဆောင်ရွက်ရတာမို့ နှီးဝါးတွေ ကိုနေပြည်တော်၊ ပျဉ်းမနားဘက်ကလာတဲ့ ဝါးတွေအဓိကထားဝယ်ယူ အသုံးပြုရပါတယ်။ ဝါးအသုံးပြုတဲ့နေရာမှာလည်း ဝါးအမျိုးမျိုးအသုံးပြုရပါတယ်။ နှီးအဖြစ်နဲ့နှီးဝါးကို အသုံးပြုရပါတယ်။ နောက်တစ်ခါ ကျွန်တော်တို့ဂွေတွေတည်ဖို့ကတော့ ပျဉ်းမနားကလာတဲ့ဝါး တွေကို    အသုံးပြုရပါတယ်။ ဆင်ကတဲ့အခါမှာ ဆင်ထဲမှာဝင်ပြီး ထမ်းပိုးကရတဲ့ထမ်းပိုးဝါးလို့ခေါ်တဲ့ ထမ်းဝါးတွေကို ဝါးပိုးဝါးထဲမှ အတုတ်ဆုံးဝါးတွေနဲ့ကျွန်တော်တို့ပြုလုပ်ပေးရပါတယ်။ လက်ကိုင်လို့ရမယ့် ဝါးချဉ်၊ ဝါးမျဉ်ဝါးလေးတွေကို အသုံးပြုရပါတယ်။ အခြေခံအနေနဲ့ဝါးတွေ ပြုလုပ်ပြီးတဲ့အပေါ် အဆင့်ပြီးတော့ စက္ကူအကြမ်းကပ်တဲ့နေရာမှာ ကျွန်တော်တို့က ရှမ်းပြည်ကလာတဲ့စက္ကူ၊ မှိုင်းခံစက္ကူ၊ ကုန်ကြမ်းစက္ကူတွေကို ပထမဦးဆုံးအဆင့်အနေနဲ့ ကပ်ပေးရပါ တယ်။ အဲဒါပြီးသွားတော့စက္ကူတွေခြောက်သွားရင် နောက်တစ်ဆင့်အနေနဲ့က စစ်တောင်းကလာတဲ့ စက္ကူဂျပ်အညိုအထူစားကို အပေါ်ကနေ အဆင့်ဆင့်ပြုလုပ်ပြီး ကပ်ပေးရပါတယ်။ ကုန်ကြမ်းက ဝါးအခြေခံတယ်ဆိုသော်လည်း ယနေ့ခေတ်မှာ အလှအပဆင်တဲ့ ပစ္စည်းတွေပါလာပြီး အလှအပပစ္စည်းတွေဖြစ်တဲ့  ဘော်ကြယ်ရွှေချည်ထိုး တန်ဆာပလာတွေကို   အများဆုံးအသုံးပြုနေတာကတော့ တရုတ်နိုင်ငံထုတ် ဘော်ကြယ်ပစ္စည်းတွေကို  အလှအပတန်ဆာဆင်တဲ့ ပစ္စည်းအမျိုးမျိုးအဖြစ်   အသုံးပြုကြပါတယ်။ ကတ္တီပါစကိုကုန်ကြမ်းအနေနဲ့သုံးပြီးတော့ အချော ထည်ပြုလုပ်ပေးရပါတယ်။ အလှတန်ဆာဆင်ပြု လုပ်ပေးရပါတယ်။

မေး- ဆင်ရုပ်တွေကိုပြုလုပ်တဲ့အခါမှာ အချိန်ဘယ်လောက်ကြာပါသလဲရှင့်။ ဘယ်ရာသီတွေမှာ လုပ်ကိုင်ဆောင်ရွက်ရတာများပါသလဲရှင့်။

ဖြေ- ဆင်ရုပ်တစ်ရုပ်စချိုးတဲ့အချိန်မှာ ရိုးရာအနေနဲ့တွက်မယ်ဆိုရင် အနည်းဆုံးတစ်ပတ်၊ ဆယ်ရက် ကြာပါတယ်။ ဝါးအကြမ်းထည်ကနေအပေါ် ဆေးအချော အလှဆင်ပြီးတဲ့အထိ တစ်ပတ်၊  ဆယ်ရက်ကြာပါတယ်။ အလှအပဘော်ကြယ်ဆင်မှာကြတော့ တစ်ပတ်၊ ဆယ်ရက်မလောက်ပါဘူး။ ဘော်ကြယ်တစ်ပြားခြင်း၊ စီးကွင့်တစ်ပြားခြင်းစီပြီး ထပ်နေအောင်ထိုးရတဲ့အတွက် အဲဒီဘော်ကြယ်ထိုးတဲ့ အချိန်ပိုပြီးတော့ အချိန်ပေးရပါတယ်။ ဆင်ရုပ် အကြမ်းတည်တာလောက်ကတော့  တစ်ပတ်လောက်နဲ့ပြီးပါတယ်။ ဒါပေမယ့် အလှအပတန်ဆာပလာဒီဇိုင်းတွေပါလာတဲ့အတွက် ဘော်ကြယ်အပိုင်းမှာတော့ (၁)လ လောက်အနည်းဆုံးအချိန်ယူပြီး အလုပ်လုပ်ရပါတယ်။ ဆင်ရုပ်ချိုးလုပ်ငန်းဆိုတာ ရှေးယခင်တည်းကိုက ဝါတွင်းသုံးလကျောက်ဆည်မြို့ပေါ်မှာပဲ လုပ်ငန်းလုပ်လို့ကောင်းတဲ့အချိန်ပါ။ ဒီဆင်ရုပ်တွေကို ချိူးတဲ့နေရာမှာလည်း လက်ဆင့်ကမ်းအမွေကိုလည်း ထိန်းသိမ်းလာခဲ့တာဖြစ်ပါတယ်။

မေး- ဆင်ရုပ်တွေပြုလုပ်တဲ့အခါမှာ အသစ်ပြုလုပ်ရသလို၊ အဟောင်းတွေကိုလည်း ပြုပြင်ပေးရတယ် လို့သိရပါတယ်။ အဲဒါလေးနဲ့ပတ်သက်ပြီးရှင်းပြပေးပါအုံးရှင့်။

ဖြေ- ဆင်တစ်စီးရဲ့ခံနိုင်ရည်အား    ဆင်တစ်စီးမှာအပေါ်မှာပါတဲ့ ဆင်ရဲ့တန်ဆာပလာ ဝိတ်အချိန်တွေပါမယ်၊ အထဲမှာပြုလုပ်ထားတာကတော့ နှီးနဲ့တုပ်ပါတယ်၊ ဝါးကိုနှီးနဲ့တုပ်ထားတဲ့ အတိုင်းအတာဖြစ်တဲ့အတွက် လူနှစ်ယောက်က ဆင်ကိုငြိမ်နေအောင်ထားလို့မရဘူး။ လှုပ်ရမ်းခါနေတဲ့အတွက် ဆင်ရဲ့ချို့ယွင်းချက် အနည်းငယ်ဖြစ်လာရင် ပြန်ပြီးပြုပြင်ပေးရပါတယ်။ လိုအပ်တဲ့အရာ၊  လိုအပ်တဲ့အချက်တွေကို ပြန်ပြီးပြုပြင်ပေးရပါတယ်။ အဲဒီလိုပြုပြင်တာနည်းအောင် စတင်လုပ်ကတည်းက ပျက်တတ်တဲ့နေရာ၊ ချို့ယွင်းတတ်တဲ့နေရာတွေကို ကျွန်တော်တို့က အထူးဂရုစိုက်ပြီး အသစ်ပြုလုပ်စဉ်ကပြုလုပ်ပေးပါတယ်။

မေး- ဆင်ရုပ်တွေပြုလုပ်တဲ့အခါမှာအရွယ်အစား၊ အမျိုးအစား၊ ဘယ်လိုတွေရောင်းချပြီး ဆောင်ရွက်ပါသလဲရှင့်။

ဖြေ- ဆင်ရုပ်ပြုလုပ်တဲ့အခါ အပိုင်း(၂)ပိုင်းရှိပါတယ်။ ကျောက်ဆည်ဒေသအနေနဲ့ကတော့ လက်ဆောင်ပေးတယ်၊   ဘုရားတင်တယ်၊  အမှတ်တရပေးတဲ့   ဆင်ရုပ်အသေးအနေနဲ့တစ်ပိုင်း ရှိပါတယ်။ လူဝင်ကတဲ့ ဆင်ရုပ်ကကြိုးဆင်တွေမှာကြတော့အမျိုအစားအမျိုးမျိုးခွဲ ပေးထားပါတယ်။ ကျွန်တော်တို့က ရိုးရာဆင်၊ ဘော်ကြယ်ဆင်ပြုလုပ်ပါတယ်။   ရိုးရာဆင်နဲ့ဘော်ကြယ်ဆင်ကြားမှာ အလှအပတန်ဆာဆင်ထားတဲ့ ဆင်ရုပ်အမျိုးမျိုး ခွဲခြားပေးထားပါတယ်။ လက်ဆောင်ပေးတဲ့ ဆင်အတိုင်းအတာဆိုရင် အနည်းဆုံးအနိမ့်ဆုံး ဆင်ရုပ်အသေးဆိုရင် သုံးထောင်ကျပ် ကနေအမြင့်ဆုံး   လေးသောင်းကျပ်မှငါးသောင်းကျပ် အထိရှိပါတယ်။ ဈေးအစားအစားရှိပါတယ်။  ပစ္စည်းပေါ်မူတည်ပြီးလူဝင်ကတဲ့    ဆင်ရုပ်အကြီးကြီးတွေ အနေနဲ့ကတော့ ရိုးရာဆင်ဆိုရင်ဒီနှစ် ပေါက်ဈေးက  (၄)သိန်းခွဲရှိပါတယ်။ ကျွန်တော်တို့ကျောက်ဆည်မှာ ပုံမှန်နှစ်စဉ်ကျင်းပနေတဲ့ ဆင်ပွဲတော်မှာဝင်ပြိုင်တဲ့ရိုးရာဆင်တွေပါ။ ဘော်ကြယ်ဆင်အနေနဲ့ကတော့ ဒီနှစ်ပေါက်ဈေး (၂၅)သိန်း ရှိပါတယ်။ အသေးစိတ်ကတော့ဆင်ရုပ်က ဈေးအစားစားရှိပါတယ်။

မေး- ဆင်ရုပ်တွေဖြန့်ဖြူးရောင်းချတဲ့အခါမှာ ပြည်တွင်းသာမက ပြည်ပမှာပရောင်းချတာမျိုး ရှိပါသလား ရှင့်၊၊

ဖြေ- ကျွန်တော်တို့ငယ်စဉ်တုန်းက       ကျောက်ဆည်နယ်တစ်ဝိုက်မှာဘဲ      တော်တော်နာမည်ကြီးခဲ့တာပါ။ ကျောက်ဆည်နယ်ဒေသလောက်ပဲ ဆင်ရုပ်နဲ့ကကြ တာပါ။ ကျွန်တော်တို့နိုင်ငံနဲ့ ဖြန့်ချိမှုအနေနဲ့ကတော့ နေရာအနှံ့အပြားမှာ အမြို့မြို့နယ်တိုင်းမှာ လက်ညှိုးထိုးမလွဲဘူး ကျောက်ဆည်ဆင်ဆိုရင် ပျံ့နှံ့ပြီးရောက်ရှိ နေပါပြီ။ တော်တော်များများကလည်း ကျောက်ဆည်ဆင်ရဲ့ ဆင်အကအလှ သဘာဝကို တော်တော်လေးစိတ်ဝင်စားပြီး  စိတ်ဝင်တစားနဲ့ ပြုလုပ်လာတဲ့ မြို့တွေလည်း  တော်တော်များလာပါပြီ။  ကျွန်တော်တို့ကိုဗစ်ကာလမတိုင်မီ  ဂျပန်နိုင်ငံကိုဘော်ကြယ်ဆင်(၂)စီး၊ အမေရိကန်နိုင်ငံကို ကပ်ပန်းဆင် (၁)စီး၊ ထိုင်းနိုင်ငံကို(၅)စီးထိအောင် တင်သွင်းရတဲ့အဆင့်ထိ ရောက်ခဲ့ပါပြီ။

မေး- ယနေ့နိုင်ငံတော်အစိုးရက အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ဆောင်ရွက်လျက်ရှိရာမှာ ကျောက်ဆည်နယ်မှာ ရှိတဲ့ ဆင်ရုပ်ချိုးလုပ်ငန်းနဲ့ ပတ်သက်ပြီး ဖွံ့ဖြိုးတိုးတက် ဖို့ဆောင်ရွက်နေတဲ့အပိုင်းနဲ့ ပတ်သက်ပြီးရှင်းပြပေးပါဦးရှင့်။

ဖြေ-    ကျွန်တော်တို့စပြီးအလုပ်လုပ်ပြီဆိုကတည်းက အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနဲ့ ဆက်သွယ်ပြီး အသေးစားလုပ်ငန်းအနေနဲ့ ချိတ်ဆက်ပြီးတော့ လုပ်ငန်းနဲ့ပတ်သက်ပြီး အကြံပြု တဲ့အချက်တွေကို လိုက်နာဆောင်ရွက်ပါတယ်။ လိုအပ်တဲ့အကူအညီတွေရယူလုပ်ကိုင် ဆောင်ရွက်ပါတယ်။   ကိုယ့်ရိုးရာ အမွေအနှစ်ကို ထိန်းသိမ်းလာတဲ့အတွက်လုပ်ငန်းတစ်ခုအဖြစ် ဖွံ့ဖြိုးတိုးတက်အောင် မြို့နယ်မှကြီးမှူး ပြီးသင်တန်းအနေနဲ့  ဖွင့်လှစ်နိုင်ရင်ပိုပြီးတော့  ဖွံ့ဖြိုး တိုးတက်လာမှာ ဖြစ်ပါတယ်။

မေး- ဆင်ချိုးလုပ်ငန်းပြုလုပ်ပြီး အလုပ်အကိုင်အခွင့်အလမ်းတွေရရှိဖို့နဲ့ ပြည်တွင်းထုတ်ကုန်အဖြစ် ဆောင်ရွက်လိုတဲ့ ဝါသနာရှင်ပြည်သူတွေလည်းရှိပါတယ်ရှင့်။   အသေးစားလုပ်ငန်းတစ်ခုအနေနဲ့ ဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်မည့်အခြေအနေ၊ လက်ဆင့်ကမ်းဆောင်ရွက်နေမှု အခြေအနေများနဲ့ အလုပ်သမား အင်အားဘယ်လောက်နဲ့လည်ပတ်နေပါသလဲရှင်းပြပေးပါအုံးရှင့်။

ဖြေ-    ကျွန်တော်တို့ကအနယ်နယ်အရပ်ရပ် ကိုယ့်ရဲ့ရိုးရာ၊ ကိုယ့်ဒေသရဲ့ဂုဏ်၊ ဆင်ရုပ်ချိုးအနုပညာ၊ ဆင်အက ပညာတို့ဆိုတာတော့ပျံ့နှံ့နိုင်ရင် ကောင်းပါတယ်၊ ကျွန်တော်တို့တစ်ဦးတည်းအတွက် တော့မဟုတ်ပါဘူး။ အများအတွက်ဆိုရင် ရိုးရာဆင်ဆိုတာ ကျောက်ဆည်ဒေသရဲ့ ပြယုဂ်ဖြစ်ပါ တယ်။ တစ်ခြားမြို့ ရွာတွေအနေနဲ့ကတော့ သူတို့ရဲ့အနုပညာဖျော်ဖြေမှု အနုပညာပြယုဂ်တစ်ခုအနေနဲ့ အသုံးပြုတာဖြစ်ပါတယ်။ ဆင်ရုပ်ဆိုရင် ကျွန်တော်တို့ဒေသရဲ့ ဂုဏ်နဲ့ဆင်ပွဲတော်နှင့် ဆင်အကအလှပြိုင်ပွဲကျင်းပလျက်ရှိပါတယ်။ တစ်ခြားမြို့၊ တစ်ခြားနယ်တွေအနေနဲ့ကတော့ ဝါသနာပါပြီးဆောင်ရွက်လုပ်ကိုင်လိုလျှင် အမြဲကြိုဆိုပါတယ်။ အမြဲတမ်းလည်းဂုဏ်ယူပါတယ်။ ဆင်ရုပ်ချိုးလုပ်ငန်းကို အမျိုးသား(၅)ဦး၊ အမျိုးသမီး (၁၅) ဦးနဲ့ လုပ်ကိုင်ဆောင်ရွက်လျက် ရှိပါတယ်။ ကျောက်ဆည်သူ၊ ကျောက်ဆည်သားတွေမကပါဘူး အခြားသူတွေက ဝါသနာပါတယ်ဆိုရင် ကျွန်တော်တို့ တော်တော်လေးကိုလေးစားပါတယ်။ ကျောက်ဆည် နယ်သူ၊ ကျောက်ဆည် နယ်သားများအနေနဲ့ တစ်ပိုင်တစ်နိုင်အသေးစားလုပ်ငန်း တစ်ခုဖွံ့ဖြိုးတိုးတက်ဖို့ ယနေ့လူငယ်တွေ ရိုးရာအမွေထိန်းသိမ်းတတ်စေဖို့ အတွက် ဆင်ရုပ်ချိုးလုပ်ငန်းကို လုပ်ကိုင်ဆာင်ရွက်ဖို့ ပြောချင်ပါတယ်။ ဆင်ရုပ်ချိုးလုပ်ငန်းနဲ့ပတ်သက်ပြီး အခုလိုပြောကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။

တွေ့ဆုံမေးမြန်း-တင်တင်ထွေး(ပြန်/ဆက်)

ဓာတ်ပုံ-အောင်ပိုင်ပိုင်ကျော်