ကျောက်ပန်းတောင်း နိုဝင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်း နေထိုင်သူများအား ဇီဝဆိုင်ရာ အချက်အလက်(Biometric Data) ကောက်ယူခြင်းလုပ်ငန်းများကို ရပ်ကွက်များအလိုက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ၊ နိုဝင်ဘာ(၉)ရက်နေ့ နံနက်(၉)နာရီက ဈေးကွက်သစ်ရပ်ကွက်တွင် ဒုတိယနေ့အဖြစ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပြည်သူများ၏ လူမှုစီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး အစရှိသည့်ကိစ္စရပ်များဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူလျင်မြန်လာစေရန်အတွက်၊ မြန်မာနိုင်ငံအတွင်း နေထိုင်သူများကို စိစစ်နိုင်သည့် တစ်ခုတည်းသော နံပါတ် Unique ID ထုတ်ပေးရန်၊ ခေတ်နှင့်အညီ Online စနစ်ဖြင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် အစိုးရနှင့်ပုဂ္ဂလိကအဖွဲ့အစည်းလုပ်ငန်းများအတွက်၊ မည်သူမည်ဝါဖြစ်ကြောင်း အလျင်မြန်ဆုံးစစ်ဆေးနိုင်မည့် အခြေခံစနစ်တစ်ခု တည်ဆောက်ခြင်းဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။ အဆိုပါ ဇီဝဆိုင်ရာအချက်အလက်ကောက်ယူရာတွင် မြို့နယ်အတွင်းနေထိုင်သူများအား e-ID စနစ်ဖြင့် ကိုယ်ရေးအချက်အလက်များကောက်ယူပြီး၊ Data base အတွင်းသို့ ထည့်သွင်းခြင်းဖြစ်ပြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ အကူအညီဖြင့် ရပ်ကွက်အလိုက် ဆောင်ရွက်နေခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါ ဇီဝဆိုင်ရာအချက်အလက် ကောက်ယူရာတွင် ကျောက်ပန်းတောင်းမြို့နယ်တွင် (၂၆-၆-၂၀၂၃)ရက်နေ့မှ (၈-၁၁-၂၀၂၃)ရက်နေ့အထိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများ၊ ပြည်သူများ စုစုပေါင်း (၁၄၄၉၄)ဦး ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)