ဒလမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်များဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လူငယ်စကားဝိုင်းကျင်းပ

ဒလ နိုဝင်ဘာ ၉

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် လူငယ်စကားဝိုင်းများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အထကောင်းများဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ယနေ့နံနက်(၉)နာရီအချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ကုမုဒြာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးရွှေလှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် လူငယ်စကားဝိုင်းကျင်းပရခြင်းမှာ လူငယ်များဟာ နိုင်ငံရဲ့အနာဂတ်ဖြစ်သည့်အတွက် အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်ပြီး စွမ်းဆောင်ရည်ပြည့်ဝသည့် မျိုးဆက်သစ်လူငယ်များဖြစ်လာရန်၊ လူငယ်များအသိပညာ၊ အတတ်ပညာနှင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဆိုတဲ့ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စကားပြောအတတ်ပညာများ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာစကားပြောဆိုတတ်စေရန်၊ လူငယ်အချင်းချင်း တစ်ဦးနဲ့တစ်ဦး ရင်းနှီးခင်မင်ကာ ပူးပေါင်းဆောင်ရွက်နိုင်သည့် အလေ့အကျင့်ကောင်းများ ရရှိနိုင်စေရန်စသည့် အကြောင်းအရာများကို ပြောကြားခဲ့သည်။

ဆက်လက်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ ဒလမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သီတာဝင်းက ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး Grade-11 ကျောင်းသူမသင်းသင်းမြတ်မှ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေးကိုလည်းကောင်း၊ Grade-10 ကျောင်းသား မောင်မြတ်ဘုန်းကျော်မှ လူငယ်နှင့်စာရိတ္တကိုလည်းကောင်း၊ Grade-10 ကျောင်းသူ မစန်းစန်းသွယ်မှ လူငယ်နှင့်နည်းပညာကိုလည်းကောင်း၊ Grade-11 ကျောင်းသူ မဇူလိုင်ထွန်းမှ လူငယ်နှင့်မူးယစ်ဆေးဝါးကိုလည်းကောင်း၊ Grade-10 ကျောင်းသူ မခင်သက်ထားဇော်မှ လူငယ်နှင့်တက်လမ်းကိုလည်းကောင်း၊ Grade-12 ကျောင်းသား မောင်ဖြိုးသီဟထွန်းမှ လူငယ်နှင့်ဝါသနာစသည့်ခေါင်းစဥ်များဖြင့် ဦးဆောင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများထဲမှ ခေါင်းစဥ်အလိုက် သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ဦးဆောင်ဆွေးနွေးခဲ့သော ကျောင်းသား၊ ကျောင်းသူများမှ ပြန်လည်ဖြေကြားခဲ့ကြသည်။

အဆိုပါလူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသည့် ကျောင်းသား၊ ကျောင်းသူများကို အမှတ်တရဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်မာမာဆွေက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

လူငယ်စကားဝိုင်းအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးရွှေလှိုင်၊ ဌာနဆိုင်ရာအကြီးအကဲများ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများနှင့် ကျောင်းသား၊ ကျောင်းသူစုစုပေါင်းအင်အား(၂၀၀)ဦး တက်ရောက်ခဲ့ကြသည်။ ယနေ့ကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နံရံကပ်စာစောင်များ၊ သုတ၊ ရသ စာအုပ်စာစောင်များ ခင်းကျင်းပြသထားရာ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရရှိပါသည်။

မြင့်ဇော် (ပြန်/ဆက်)