ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ မြောက်ဂူနီဘုရားအတွင်းရှိ ထိုင်တော်မူဆင်းတုတော်ကို ဖူးမြော်ပြီး ဂူဘုရားတည်ဆောက်ပုံ ဗိသုကာပညာရပ်များကို လေ့လာနိုင်

ညောင်ဦး နိုဝင်ဘာ ၉

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသအတွင်း မြောက်ဂူနီဘုရားအတွင်းရှိ ထိုင်တော်မူဆင်းတုတော်ကို ဖူးမြော်ပြီး ဂူဘုရား တည်ဆောက်ပုံ ဗိသုကာ ပညာရပ်များနှင့် နံရံပန်းချီတို့ကို လေ့လာနိုင်ကြောင်း သိရသည်။      

မြောက်ဂူနီဘုရားသည် ပုဂံမြို့ဟောင်း၏ အရှေ့တောင်ဘက် ဓမ္မရံကြီးဘုရား၏ အရှေ့တောင်ဘက်တွင် တည်ရှိသည်။ မြောက်ဂူနီဘုရားကို နရသီဟပတေ့မင်း နန်းစံစဉ်ကာလအတွင်း မိဖုရားဖွားစောသည် အေဒီ(၁၂၄၁)ခုနှစ်တွင် တည်ဆောက်ခဲ့ကြောင်း၊ မိဖုရားဖွားစောသည် ပုဂံသမိုင်းတွင် ဩဇာအာဏာကြီးမားသော မိဖုရားတစ်ပါးဖြစ်ခဲ့ကာ ဂူဘုရားအတွင်းတွင် မိဖုရားမှဘုရားမြေ၊ ယာမြေနှင့်ကျေးကျွန်များလှူဒါန်းထားခြင်းအကြောင်းကို ဖော်ပြထားသော ကျောက်စာကဗ္ဗည်းတို့ကို လေ့လာတွေ့ရှိနိုင်သည်။ ကျောက်စာတွင် စေတီတော်ကို ဖျက်ဆီးသူ မည်သူမဆို ကျိန်စာသင့်စေဟု ရေးထိုးထားသည်ကိုလည်း ဖတ်ရှုလေ့လာနိုင်သည်။

မြောက်ဂူနီဘုရားသည် လိုဏ်နှစ်ထပ်ဂူဘုရား အမျိုးအစားဖြစ်ကာ တိုက်မအရှေ့ဘက် လှည့်ထိုင်တော်မုဆင်းတုတော်တစ်ဆူ အတော်အတန် ကြီးမားစွာ ဖူးတွေ့နိုင်ပြီး ထိုင်တော်မူ ဆင်းတုတော် နောက်ဘက်ပလ္လင်တော်နှင့် ကပ်လျှက်နံရံတွင် နံရံပန်းချီးများ၊ အမိုးခုံးနံရံပန်းချီများ၊ မျက်နှာကျက်နံရံပန်းချီများကို လေ့လာနိုင်ကာ လေဝင်လေထွက်၊ အလင်းအမှောင်အတွက်လည်း မြောက်ဂူနီဘုရားတွင် လက်ရာပြောင်မြောက်လှသည့် ဗိသုကာပညာရပ်များကို လေ့လာနိုင်ကြောင်း သိရသည်။ မြောက်ဂူနီဘုရားကြီး၏ တောင်ဘက်ကပ်လျက် တောင်ဂူနီဘုရား၊ အနောက်တောင်ဘက်တွင် ဓမ္မရံကြီးဘုရား၊ အနောက် ဘက်တွင် ရွှေဆံတော်ဘုရားတို့ကိုလည်း လေ့လာဖူးမြော်နိုင်ကြောင်း သိရသည်။

ဒီပါလင်း(ပြန်/ဆက်)