ပုသိမ်ကြီးမြို့ အ.ထ.က၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ပုသိမ်ကြီး နိုဝင်ဘာ ၉

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ အ.ထ.က ပုသိမ်ကြီးကျောင်းတွင် ယနေ့နံနက် ၁၀ နာရီခွဲက လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို အဆိုပါကျောင်းရှိ အောင်ဇမ္ဗူခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမြင့်ဦးက အဖွင့်အမှာစကားပြောကြားပြီး မန္တလေးလူငယ်သင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒုတိယညွှန်ကြားရေးမှူး ဦးအေးကျော်က လူငယ်ရေးရာအသိပညာပေးဟောပြောရာတွင် ကလေးသူငယ်များ၏ အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ပါဝင်ခွင့်၊ ကာကွယ်စောင့်ရှောက်ခွင့် အကြောင်းအရာများ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအကြောင်းအရာများ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ ကလေးသူငယ်များ လိုက်နာရမည့်အချက်များ အစရှိသည်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မိုးက လူငယ်နှင့်အားကစားအကြောင်းကိုလည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စံပယ်က လူငယ် ရေးရာအသိပညာပေး ဟောပြောကြသည်။

ထို့နောက် အ.ထ.က ပုသိမ်ကြီးကျောင်းရှိ ကျောင်းသား/ကျောင်းသူများအတွက် အားကစားပစ္စည်းများနှင့် စာအုပ်စာစောင်များကို တာဝန်ရှိသူများက ပေးအပ် လှူဒါန်းရာ အ.ထ.က ပုသိမ်ကြီးကျောင်းအုပ်ဆရာကြီး ဦးမျိုးဇော်ခိုင်က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)