ခရမ်း နိုဝင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အမှတ်(၃) အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများ ပိုမိုဖတ်ရှုလာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ ယမန်နေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၃)အခြေခံပညာမူလတန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်ပြပွဲကို ကျင်းပပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးဒေါ်အေးအေးမြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်ထူးမြတ်ဇင်က ကျောင်းသား/ကျောင်းသူများအား လျှပ်စစ်အန္တရာယ်များအကြောင်းနှင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိမည့် စာပေများကိုလည်း လေ့လာစေလိုကြောင်းစသည်တို့အား အကျယ်တဝင့်ပြောကြားခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသော ဗဟုသုတရဖွယ် စာအုပ်စာပေများနှင့် အသိပညာပေးလျှပ်စစ်အန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား/သူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြပါသည်။
ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အပတ်စဥ်မြို့ပေါ်ရပ်ကွက်ကျောင်းများသို့ နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲများကို ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
ကိုမင်း(ခရမ်း)