ရန်ကုန် နိုဝင်ဘာ ၉
ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဝင်းမြင့်ခိုင်၊ ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌဦးအေးဝင်း၊ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်နှင့်တာဝန်ရှိသူများသည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် လှိုင်သာယာ၊ ရွှေလင်ဗန်း၊ ရွှေပြည်သာ၊ ဝါးတရာ၊ သာဓုကန်၊ မင်္ဂလာဒုံစက်မှုဇုန်များသို့သွားရောက်၍ စက်မှုဇုန်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ CMP လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့သည်။
ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်အဆင်ပြေ ချောမွေ့စေမှုအတွက် စက်ရုံများရှိ မြေပြင်အခြေအနေများကို လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးနိုင်ရေးတို့ကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်က လှိုင်သာယာစက်မှုဇုန်တွင် လက်ရှိ CMP လုပ်ငန်းအခြေအနေ၊ လုပ်သားအင်အား၊ နိုင်ငံခြားဝင်ငွေရှာဖွေပေးနေမှု Made in Myanmar စျေးကွက်မြှင့်တင်မှု၊ ချုပ်ထည်အမှာစာရရှိမှု၊ အထည်ချုပ်အသင်းမှ ဆောင်ရွက်လျက်ရှိသည့် VLCA (မိမိသဘောဆန္ဒအလျောက် အလုပ်သမားဥပဒေလေးစားလိုက်နာမှုအကဲဖြတ်ခြင်း)ကို အသင်းဝင်စက်ရုံများမှ လိုက်နာဆောင်ရွက်နေမှု၊ နယ်စပ်ဂိတ်များမှ တင်သွင်းလာသည့် CMP ကုန်ကြမ်းများ စက်ရုံ၊ အလုပ်ရုံများသို့ အဆင်ပြေချောမွေ့စွာ ရောက်ရှိရေးကို ကူညီဆောင်ရွက်ပေးရန်တင်ပြခဲ့ပြီး ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများမှန်ကန်မြန်ဆန်စေရေး အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးထားသော အလုပ်သမားဦးရေ(၂)ထောင်အထက် လုပ်ကိုင်နေသော ရွှေလင်ဗန်း၊ သာဓုကန်၊ မင်္ဂလာဒုံစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံ(၁)ရုံ၊ ဖိနပ်ချုပ်စက်ရုံ(၁)ရုံ ၊ မျက်ကပ်မှန်စက်ရုံ(၁)ရုံတို့ကို လှည့်လည်ကြည့်ရှုပြီး တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ၊ အလုပ်သမားများနှင့် ရင်းနှီးစွာတွေ့ဆုံခဲ့ကြောင်းသိရသည်။
အောင်မြင့်(ပြန်/ဆက်)