မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၅)နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားတက်ရောက်

မော်လမြိုင်    နိုဝင်ဘာ  

ပြည်ထဲရေဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နိုဝင်ဘာ ၇ ရက်နေ့တွင် ကျရောက်ခဲ့သည့် (၃၅)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှစ်ပတ်လည်နေ့အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ရာမညခန်းမ၌ ကျင်းပပြုလုပ်ရာအခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မွန်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အငြိမ်းစားအရာရှိကြီးများ၊ ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် အရာထမ်း/အမှုထမ်းများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအဆင့်ဆင့်သော ဝန်ထမ်းများက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်ပေးသည့်လုပ်ငန်းတာဝန်များ၊ ပြည်ထောင်စုအစိုးရအဖွဲ့မှပေးအပ်သောလုပ်ငန်းတာဝန်များ၊ ပြည်နယ်အစိုးရအဖွဲ့မှပေးအပ်သော လုပ်ငန်းတာဝန်များ၊ ပြည်ထဲရေးဝန်ကြီးဌာနမှပေးအပ်သော လုပ်ငန်းတာဝန်များ၊ အခြားဝန်ကြီးဌာနမှ ပေးအပ်သောလုပ်ငန်းတာဝန်များအပြင် မိခင်ဌာန၏ပင်မလုပ်ငန်းတာဝန်ဖြစ်သော မြေယာစီမံခန့်ခွဲခြင်းလုပ်ငန်း၊ ယစ်မျိုးစီမံခန့်ခွဲခြင်းလုပ်ငန်း၊ အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းလုပ်ငန်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း၊ အိမ်ခြံမြေအကျိုးဆောင်များနှင့် အဖိုးတန်သတ္တု(ရွှေ)ရောင်းဝယ်သူများ ကြီးကြပ်ရေးအာဏာပိုင်အဖြစ် တာဝန်ပေးအပ်သည့်လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရသည့်ဌာနတစ်ခုဖြစ်ကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဌာန၏ (၃၅)နှစ်မြောက် နှစ်ပတ်လည်နေ့မှသည် ပြည်သူ့အကျိုး၊ ဒေသအကျိုး၊ ဌာနအကျိုး၊ တိုင်းပြည်အကျိုး ဆထက်သယ်ပိုးဆောင်ရွက်နိုင်သော ဝန်ထမ်းကောင်းများ ဖြစ်ကြပါစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)မှပေးပို့လာသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သမိုင်းကြောင်းနှင့် လုပ်ငန်းစွမ်းဆောင်ချက်များ Video Clip အား ကြည့်ရှုအားပေးပြီး ကန်တော့ခံပြည်နယ်အုပ်ချုပ်ရေးမှူး(ငြိမ်း)ဦးကျင်ဖေက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဖြစ်စဉ်သမိုင်းကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ထောက်ပံ့ငွေများကို ပြည်နယ်အုပ်ချုပ်ရေးမှူးထံပေးအပ်ကာ ဝန်ထမ်း ကျား(၁)ဦးနှင့်မ(၁)ဦးအား တူညီဝတ်စုံများပေးအပ်ခဲ့သည်။

ဆက်လက်၍ ဌာနမှစေလွှတ်သည့် သင်တန်းများတွင် စစ်ရေးပြထူးချွန်ဆုရရှိသူ(၂)ဦးအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)မှချီးမြှင့်ခဲ့သည့် ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုဆုငွေ ကျပ်(၅)သောင်းနှင့် မွန်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ထပ်ဆောင်းချီးမြှင့်သည့် ဂုဏ်ပြုဆုငွေ ကျပ်(၁)သိန်းအား ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးတိုးဝင်းက ပေးအပ်ချီးမြှင့်ပြီး မွန်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အဆင့်ဆင့်မှ ၂၀၂၃ ခုနှစ်၊ တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ချက်မှတ်တမ်းများအား Video Clip ဖြင့်ပြသရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး အမှတ်တရဓာတ်ပုံရိုက်ကူး၍၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် အငြိမ်းစားဝန်ထမ်းများထံ ပြည်နယ်အုပ်ချုပ်ရေးမှူးမှ အမှတ်တရ လက်ဆောင်ပစ္စည်းများအသီးသီးပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ခရိုင်ပြန်/ဆက်