ကျောက်တလုံးကြီး နိုဝင်ဘာ ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတရရှိစေရန် အသိပညာပေးလုပ်ငန်းများကို လစဉ်ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ထီထပ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းသို့ နယ်လှည့်ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့် စာအုပ်စာစောင်ပြပွဲများကို ယနေ့နံနက် ၁၁ နာရီခွဲက ကွင်းဆင်းဆောင်ရွက်သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်တလုံးကြီးမြို့ဦးစီးမှူး ဒေါ်သန္တာဝင်း က လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကိုလည်းကောင်း၊ ဓာတ်ပုံကျွမ်းကျင်-၂ ဦးဇော်နိုင်လင်းက စာဖတ်ခြင်း၏အကျိုးကျေးဇူးများကိုလည်းကောင်း၊ အသိပညာပေးဟောပြောပြီး ဝန်ထမ်းများက ကျောင်းသားလူငယ်များ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန် စာအုပ်ပြပွဲနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ကို ပြသဆောင်ရွက်သည်။
အဆိုပါနယ်လှည့်ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့် စာအုပ်စာစောင်ပြပွဲသို့ အ.မ.က ထီထပ်မှ ကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/သူ ၆၀ ဦးတက်ရောက်ခဲ့ ကြကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ကျောင်းသူ လူငယ်များ အသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်လှည့်လုပ်ငန်းများအပြင် အွန်လိုင်းမှတစ်ဆင့် အသိပညာပေးလုပ်ငန်းများကို ရိုက်ကူးထုတ်လွှင့်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
ဇော်နိုင်လင်း