သံဖြူဇ၇ပ် နိုဝင်ဘာ ၉
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်းသီးနှံ (နေကြာ)စိုက်ပျိုးမှု စီမံကိန်းပြည့်မီကျော်လွန်စွာ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ယမန်နေ့မွန်းလွဲပိုင်းက မြမာလာကျေးရွာအုပ်ချုပ်ရေးမှုးရုံး၌ ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ ဆွေးနွေးပွဲပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနဦးစီးမှူး ဦးသက်နိုင်ဝင်းက တောင်သူများစိုက်ပျိုးနိုင်မှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး၊ မြိုနယ်လယ်ယာမြေစီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးဇင်မင်းထွန်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဇော်ဝင်းတို့က ဆောင်းသီးနှံ (နေကြာ)စိုက်ဧက ပြည့်မီကျော်လွန်ရေးအတွက် စိုက်ပျိုးနည်းစနစ်များနှင့် တောင်သူများ၏လိုအပ်သော စပ်မျိုးနေကြာကို ဌာနအနေဖြင့်တောင်သူများဝယ်ယူနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပြီဖြစ်ကြောင်း ဒေသတွင်း စားသုံးဆီဖူလုံစေရေးတောင်သူမှ လျာထားချက်ပြည့်မီကျော်လွန်စွာ စိုက်ပျိုးနိုင်ရေးနှင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် နည်းပညာလိုအပ်ချက်များကိုလည်း စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများက စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် တောင်သူများမှ မိုးစပါးရိတ်သိမ်းခြင်းကို အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်ပြီးသည်နှင့် ဆောင်းသီးနှံနေကြာကို အချိန်မီစိုက်ပျိုးနိုင်ရေး ပြန်လည်တင်ပြဆွေးနွေးသည်။ သံဖြူဇရပ်မြို့နယ်တွင် ဆီထွက်သီးနှံ (နေကြာ)ကို ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ဧက (၁၀၀၀) စိုက်ပျိုးရန်လျာထားပြီး ယခုမြမာလာကျေးရွာ၌ (၅၃၅)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)