ချမ်းအေးသာစံ နိုဝင်ဘာ ၉
မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးပျော်ဘွယ်အနောက်ရပ်ကွက်ရှိ ကိုးလုံးတကာဘုရား၊ ကမ္ဘာကျော်ဓမ္မဗိမာန်တွင် ဆောင်ရွက်သည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ရာသို့ မန္တလေးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းနိုင်နှင့်တာဝန်ရှိသူများမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာလင်းလင်းချစ် ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နေဇာဝင်းနှင့်အဖွဲ့ဝင်များ၏ သက်ကြီးဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ အသက် ၅ နှစ်အောက်ကလေးငယ်များ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အာဟာရဖြည့်စွက်စာများ ဝေငှပေးနေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ဒေါက်တာဝင်းနိုင်က ကွင်းဆင်းကျန်းမာရေးစောင့်ရှောက်မှုနှင့် ပတ်သက်သည်များကို ရှင်းလင်းပြောကြား၍ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာပညာဌာန၊ အဖွဲ့ခေါင်းဆောင် ဆရာဝန် ဒေါက်တာနွယ်နွယ်ဝင်းက သွေးတိုးရောဂါနှင့်ဆီးချိုရောဂါအကြောင်း သိကောင်းရာများ ပညာပေးဟောပြောသည်။
ထိုသို့ ကွင်းဆင်းရာတွင် သက်ကြီးဘိုးဘွား ၈၀ ဦး၊ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁၆ ဦး နှင့် အသက် ၅ နှစ်အောက် ကလေးငယ် ၂၃ ဦး၊ စုစုပေါင်း ၁၁၉ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်နှင့်အဖွဲ့ဝင်များက လိုအပ်သည်များကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိပ်ထားနိုင်