ဘူးသီးတောင်မြို့ အနောက်ရပ်ကွက်၌ မီးဘေးအန္တရာယ် မဖြစ်ပေါ် စေရေးမီးသတ်တပ်ဖွဲ့ဝင်များမှ တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးအသိပညာပေးဟောပြော

ဘူးသီးတောင်  နို၀င်ဘာ  ၉

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်၌ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီ ဖြစ်သောကြောင့်  မီးသတ်တပ်ဖွဲ့ဝင်များက ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးနိုင်စေရန် ယမန်နေ့ ညနေပိုင်းက အနောက်ရပ်ကွက်သို့ သွားရောက်ပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်းကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်း စစ်ဆေးရာတွင် မြို့နယ်မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးအောင်သန်းဝင်းဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက အနောက်ရပ်ကွက်အတွင်းရှိ မိဘပြည်သူများအနေဖြင့် မီးဘေးအန္တရာယ်ကင်း ဝေးစေရေးနှင့် မီးလောင်ကျွမ်းမှု မဖြစ်ပေါ်စေရေးတို့အတွက် မီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ထားသော မီးဘေးလုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်များဖြစ်သည့်  မီးချိတ်၊  မီးကပ်၊ သဲအိတ်နှင့် မီးသတ်ဆေးဘူးစသော မီးဘေးကာကွယ်ရေးပစ္စည်းများ အသင့်ထားရှိရေး၊ လောင်စာဆီများ သိုလှောင်ခြင်းမပြုရန်၊ တပ်ဆင်ထားသော ဟောင်းနွမ်း လျှပ်စစ်ဝါယာကြိုးများနှင့် ပျက်စီးနေသော လျှပ်စစ်ပစ္စည်းများ အသုံးမပြုကြရန်၊ မီးသွေးမီးဖိုဖြင့် ထမင်း၊ ဟင်းချက်ပြုတ်ပြီးပါက မီးကြွင်းမီးကျန်များအား စနစ်တကျ မီးငြှိမ်းသတ်ကြရန် စသည့် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရန်/ရှောင်ရန်အချက်များအား ကွင်းဆင်းစစ်ဆေး အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

လှကျော်( ပြန်/ဆက်)