ပန်ဆိုင်း(ကြူကုတ်)မြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပန်ဆိုင်း အောက်တိုဘာ ၂၂

မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၌ မိုးရာသီကာလတွင် ကူးစက်ဖြစ်ပွားမှုများပြားသည့် သွေးလွန် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပျံ့ပွားမှု မရှိစေရေးအတွက် ယနေ့နံနက် (၁၁)နာရီအချိန်ခန့် က ပန်ဆိုင်း(ကြူကုတ်)မြို့၊ ရပ်ကွက်(၄)နှင့်ရပ်ကွက်(၂)တို့တွင် ခြင်းဆေးဖျန်းခြင်းလုပ်ငန်း ကို  ကွင်းဆင်း ဆောင်ရွက်သည်။

ပန်ဆိုင်း(ကြူကုတ်)မြို့၊ ရပ်ကွက်အတွင်းရှိ လူနေအိမ်၌ အသုံးပြုသော သောက်သုံးရေသိုလှောင် ထားသည့် ရေကန်များနှင့် ရေတိုင်ကီများအား ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ပေးပြီး ပြည်သူများအနေဖြင့် မိမိတို့ တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် အိမ်ပတ်ဝန်းကျင်သန့်ရှင်းရေးတို့ကို ဆောင်ရွက်ပေးကြရန်နှင့် သွေးလွန်တုပ်ကွေး ရောဂါအကြောင်း သိကောင်းစရာ အသိပညာပေးခြင်းတို့ကို တိုက်တွန်းနှိုးဆော်သည်။

အဆိုပါ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရန် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများ ပန်ဆိုင်း (ကြူကုတ်)မြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး  ကျန်ရှိ နေသည့် ရပ်ကွက်/ကျေးရွာများတွင် ခြင်ဆေးဖြန်းခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မြို့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

သန်းမိုးခိုင်(ပြန်/ဆက်)