အမ်းခရိုင် အမ်းမြို့နယ်၌ ဌာနဆိုင်ရာများ စုပေါင်းဘုံကထိန်အလှူတော်မင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

အမ်း  နိုဝင်ဘာ ၈

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာများစုပေါင်းပြီးစုပေါင်းဘုံကထိန်အလှူတော် မင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်က အမ်းမြို့ပေါ်ရှိ မြို့နယ်ဩဝါဒါ စရိယဆရာတော်များ၊ မြို့နယ် ဿကနာယကဥက္ကဋ္ဌ ဆရာတော်နှင့် ဆရာတော်သံဃာတော် အရှင်သူမြတ်တို့အား ပင့်ဖိတ်ပြီး ၂၀၂၃ ခုနှစ်၊ နိုင်ဝင်ဘာလ (၂၅) ရက်နေ့တွင် ရွှေအမ်းတောင်ခန်းမ၌ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ စုပေါင်းဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားဖြစ်သည့်အတွက် ဌာနဆိုင်ရာများအနေဖြင့်လည်း စုပေါင်းပြီး ကထိန်လျာသင်္ကန်းနှင့် ပဒေသာပင်များ ပါဝင်လှူ ဒါန်းနိုင်ကြောင်း၊ စုပေါင်းဘုံကထိန် သင်္ကန်းဆက်ကပ်လှူ ဒါန်းရခြင်းအားဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာသာသနာတော်ကြီး သန့်ရှင်းရေး၊ အရှည်တည်တံ့ခိုင်မြဲရေး၊ သာသနာတော် ထွန်းကားပြန့်ပွားရေးတို့အတွက် မိမိတို့ဗုဒ္ဓဘာသာဝင်များအနေဖြင့် နောင်သံသရာ အဆက်ဆက်လည်း သန့်ရှင်းထည်ဝါစွာ ရပ်တည်နိုင်မည့် မွန်မြတ်လှသည့် ကုသိုလ်အလှူ တရားဖြစ်ကြောင်း၊ သိရိလင်္ကာနိုင်ငံမှ ပင့်ဆောင်တော်မှုခဲ့သော မြတ်စွယ်တော်ဓမ္မာရုံ၌ ကိန်းဝပ်စံပါယ်တော်မှူလျက်ရှိသော မြစွယ်တော်အား အမ်းမြို့အတွင်းလှည့်လည်အပူဇော်ခံ နိုင်ရန်အတွက် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများအနေဖြင့် ညီညာလက်တွဲပြီး ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။

အဆိုပါ မြစွယ်တော်သည် ဆရာတော်ဘုရားကြီး အရှင်ဦးဝါယမသည် သီဟိုရ်ကျွန်းသို့ ကြွရောက်၍ သီဟိုရ်နိုင်ငံအစိုးရ၏ အကူအညီကိုရယူကာ စွယ်တော်မြတ်နှင့်အတူ သရီယဓာတ်တော်(၄) ဆူကို မြန်မာနိုင်ငံသို့ ပင့်ဆောင်လာခဲ့ပြီး မြတ်စွယ်တော်နှင့်မဟာဗောဓိပင်( ၂) ဆူကို အမ်းမြို့နယ်သူမြို့နယ်သားများ ကိုးကွယ်နိုင်ရန်အတွက် ပင့်ဆောင်ခဲ့ရာ အမ်းမြို့သို့( ၁၃၂၁)ခုနှစ်၊ နတ်တော်လဆန်း( ၃) ရက်၊ ၁၉၅၉ ခုနှစ်၊ ဇန်နဝါရီလ( ၁၁)ရက်နေ့ တနင်္ဂနွေ နေ့တွင်ရောက်ရှိကာသီတင်းသုံးလျှက်ရှိကြောင်း မှတ်တမ်းအရ သိရသည်။

   ဆက်လက်ပြီး မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်က စုပေါင်းဘုံကထိန် အလှူတော် မင်္ဂလာအခမ်းအနား အောင် မြင် စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းလိုအပ်ချက်များကို  ဖြည့်ဆည်းပြောကြားခဲ့သည်။ ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ ဆောင်ရွက်မည့်အစီအစဉ်များနှင့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်က ပေါင်းစပ်ညှိနှိုင်းပြောကြားခဲ့ကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)