နမ့်ခမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလမ်းညွှန်အား ပြည်သူများ လိုက်နာကျင့်သုံးမှု ရှိစေရေး ဆောင်ရွက်

နမ့်ခမ်း အောက်တိုဘာ ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် ထုတ်ပြန်ထား သည့် လမ်းညွှန်ချက်များကို ပြည်သူလူထုများအနေဖြင့် လိုက်နာကျင့်သုံးမှု အားကောင်း လာကြောင်း သိရသည်။

"မြို့တွင်းမှာ နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိဘဲ နေအိမ်ပြင်ပသို့ သွားလာနေသူတွေကို အခုဝယ်/အခု တပ်စေခြင်း စနစ်နဲ့ စတင်ဆောင်ရွက်တဲ့အချိန် ပထမနေ့နှင့် ဒုတိယနေ့တွေမှာ နှာခေါင်းစည်း မတပ်ဆင်ဘဲ ပြင်ပဘက်သို့ သွားလာသူစုစုပေါင်း(၂၀၀)ဦးကျော်ရှိခဲ့ပြီး နောက်ရက်တွေမှာတော့ သိသိသာသာလျော့ ကျလာခဲ့ ပါတယ်၊ ပြင်ဘက်သို့ သွားလာပြီး နှာခေါင်းစည်းမတပ်ဆင်သူ အများစုဟာ မြို့ပတ်ဝန်းကျင်ကျေးရွာမှ ရောက်လာကြတဲ့ ပြည်သူတွေဖြစ်ပါတယ်၊ ကိုဗစ်-၁၉ ရောဂါအကြောင်းနှင့် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်း၊ ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်တွေနဲ့ စည်းကမ်းချက်တွေကို ကျေးရွာနေပြည်သူတို့ ကျယ်ကျယ်ပြန့်ပြန့် ပိုမိုသိရှိ လိုက်နာရန် အသိပညာပေးလုပ်ငန်းတွေ ပိုမိုမြှင့်တင် ဆောင်ရွက်ရန် လိုအပ် ကြောင်း "မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီမှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။  

နမ့်ခမ်းမြို့၌ နှာခေါင်းစည်းမတပ်ဆင်ဘဲ ပြင်ပသို့ သွားလာနေသူများကို အခုဝယ်/အခုတပ် ဒဏ်ပေးစနစ်ဖြင့် မြို့တွင်း(၃)နေရာ၌ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီများ၊ မြို့နယ်ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊  မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးပရဟိတအဖွဲ့များမှ ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဆိုပါစနစ် ကို အောက်တိုဘာလ (၁၆)ရက်နေ့မှ စတင်ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆိုင်ထွန်း(ပြန်/ဆက်)