ကော့မှူး အောက်တိုဘာ ၂၂
၂၀၂၀ပြည့်နှစ် နိုင်ဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲ ကျင်းပရာတွင် မဲပေးမည့်နေ့၌ မဲရုံတွင် အဓိကအခြေခံကျသော ကဏ္ဍမှ ပူးပေါင်းဆောင်ရွက်ရမည့် မဲရုံမှူး၊ ဒုမဲရုံမှူး၊ ရပ်/ကျေးကော်မရှင် အဖွဲ့ဝင်များအား သက်ဆိုင်ရာ လုပ်ငန်းလမ်းညွှန်ပါ ပြဌာန်းချက်များနှင့်အညီ ညွှန်ကြားချက်များကို နားလည်သဘောပေါက်စေရန်နှင့် လက်တွေ့ကျင့်သုံး ဆောင်ရွက်ရာတွင် ချွတ်ယွင်းချက်များ၊ အားနည်းချက်များနှင့် မလျော်ကန်သည့် ပြုမှုဆောင်ရွက်မှုများ မဖြစ်ပွား မပေါ်ပေါက်စေရန် လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် ရန်ကုန် တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကြီးမှူး၍ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးမှု သင်တန်းကို အောက်တိုဘာ ၂၅ရက်နေ့တွင် နတ်စင်ကုန်းကျေးရွာ၌ ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူး လုပ်ငန်းလမ်းညွှန်များ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးလုပ်ငန်း လက်စွဲများ၊ ရပ်/ကျေး လုပ်ငန်းလမ်းညွှန်များ၊ မဲပေးခြင်း၊ မဲရေတွက်ခြင်းနှင့် ရလာဒ်များ ထုတ်ပြန်ကြေညာခြင်းများ၊ ကိုဗစ်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဆောင်ရွက်နိုင်ရေးလုပ်ငန်း လမ်းညွှန်ချက်များအား သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းတွင် သင်တန်းနည်းပြ ဆရာ/ဆရာမ(၆)ဦးတို့က မဲရုံမှူး(၁၆၁)ဦး၊ ဒုတိယမဲရုံမှူး (၁၆၁)ဦး စုစုပေါင်း သင်တန်းသား(၃၂၂)ဦးနှင့် ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် (၁၆၁)ဦးတို့အား (၃)ရက်ကြာ သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်သူရ ကော့မှူး