မိုးညှင်း အောက်တိုဘာ ၂၂
မိုးညှင်းခရိုင်တစ်ခုလုံး အတိုင်းအတာအရ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် အသက်(၆၀)ကျော် ကြိုတင်ဆန္ဒမဲပေးမည့်သူပေါင်း ၄၄,၁၄၆ ဦးရှိကြောင်း ခရိုင်ရွေးကောက်ပွဲ အရာရှိ ဦးမျိုးမင်းဦးထံမှ သိရသည်။
ခရိုင်အတွင်းရှိ Stay at home အစီအစဉ်တွင်အကျုံးဝင်သည့် မြို့နယ်များဖြစ်သည့် မိုးညှင်းမြို့နယ်နှင့် ဖားကန့်မြို့နယ်များရှိ အသက်(၆၀)ကျော် သက်ကြီးဘိုးဘွားများကို ယခုလ ၂၉ ရက်နေ့မှစတင်၍ နိုဝင်ဘာလ ၅ ရက်နေ့အထိ ကြိုတင်ဆန္ဒမဲများကို အိမ်တိုင်ရာရောက် လိုက်လံကောက်ယူသွားမည်ဖြစ်ပြီး မိုးကောင်းမြို့မှ အသက်(၆၀)ကျော် မဲဆန္ဒရှင်များကမူ ရွေးကောက်ပွဲကျင်းပမည့်နေ့ ရက်မတိုင်မီ(၂)ရက် ကြိုတင်၍ သက်ဆိုင်ရာ ရက်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံးများသို့ ကိုယ်တိုင်သွားရောက်၍ ကြိုတင်ဆန္ဒမဲ ပေးနိုင်မည်ဖြစ်သည်။
တစ်မြို့နယ်ချင်းအလိုက် အသက်(၆၀)ကျော် ကြိုတင်ဆန္ဒမဲပေးမည့်သူများမှာ မိုးညှင်းမြို့နယ်တွင် ၂၀၈၃၄ ဦး၊ မိုးကောင်းမြို့နယ်တွင် ၁၂,၅၂၆ ဦး၊ ဖားကန့်မြို့နယ်တွင် ၁၀,၇၈၆ ဦးစီရှိကြောင်းနှင့် ခရိုင်တစ်ခုလုံးအနေဖြင့် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာမှုအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပေါင်း ၄၂၄,၈၉၅ ဦးရှိကြောင်း သိရသည်။
ကျော်ကျော်ထွေး(ပြန်/ဆက်)