တပ်ကုန်း နိုဝင်ဘာ ၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဗလ ငါးတန် ပိုမိုဖွံ့ဖြိုးရေးအတွက် ရှောက်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) လူငယ်စကားဝိုင်း အခမ်းအနားကို နိုဝင်ဘာ ၈ရက် နံနက်ပိုင်းက အဆိုပါ ကျောင်း ၊ထွန်းသစ္စာအဆောင်တွင် ကျင်းပခဲ့သည်။
အဆိုပါ စကားဝိုင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင် (၂) ဒေါက်တာခင်မောင်ထွန်းက အသိဉာဏ်ပညာ ဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး၊ ဗလငါးတန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်း ဆက်လက်ကျင်းပခဲ့ရာ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က စေ့စပ်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်ပြီး၊ ရှောက်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ မောင်လင်းလင်းထွန်း (Grade-11)၊ မချွန်းဖြိုးအိမ်(Grade-11)၊ မစန္ဒာလွင်(Grade-10)၊ မအိဖြူ(Grade-9)တို့က “လူငယ်နှင့် ကိုယ်ကျင့်တရား၊ လူငယ်နှင့် ဂိမ်းကစားခြင်း၊ မျိုးဆက်သစ်လူငယ်များ၏ တာဝန်၊ လူငယ်နှင့် စည်းကမ်း ခေါင်းစဉ်”တို့ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းခဲ့ကြရာ စေ့စပ်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်သော ဦးစီးအရာရှိနှင့် ဦးဆောင်ဆွေးနွေးသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့ပြီးနောက် ဦးဆောင်ဆွေးနွေးသည့် ကျောင်းသား၊ ကျောင်းသူများနှင့် မေးခွန်းများ မေးမြန်းသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ပြီး၊ ရှောက်ကုန်းကျေးရွာ အခြခံပညာအထက်တန်းကျောင်း(ခွဲ) ကျောင်းအုပ်ဆရာမကြီးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ လူငယ်စကားဝိုင်း ဆွေးနွေးပွဲအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတရသစာအုပ်များနှင့် မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်၊ ကလေးများအတွက် အသိပညာပေး နံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများ လေ့လာကြည့်ရှုကြောင်း သိရသည်။
တင်စိုးလွင်