ကျောက်ဆည် နိုဝင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မေတ္တာ ကိုယ်ပိုင် အထက်တန်းကျောင်းတို့ ပူးပေါင်းပြီး ကျောင်းသား/ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန်အတွက် အထက်တန်းအဆင့် ကျပန်စကားပြောပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီက မေတ္တာ ကိုယ်ပိုင်အထက်တန်းကျောင်း ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တာဝန်ခံမြို့နယ်ပညာရေးမှူး ဒေါ်ခင်မာလာက ကျပန်းစကားပြောပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်းဖြင့် ကျောင်းသား/ကျောင်းသူများအနေဖြင့် ပြောရဲဆိုရဲသည့်သတ္တိများရှိလာပြီး တစ်ဦးနှင့်တစ်ဦး ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိလာမည်ဖြစ်ကြောင်း၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ သက်မွေး ဘက်စုံပညာရေးစနစ်ဖြစ်သည့်အတွက် နှုတ်မှုစွမ်းရည်များနှင့် အတွေးအခေါ်များ မြင့်မားလာစေပြီး နိုင်ငံ၏သားကောင်း၊ သမီးကောင်းရတနာများ ဖြစ်လာမည်ဖြစ်ကြောင်း၊ အသိပညာများ မြင့်မားလာစေရန်အတွက် ကျောင်းစာအပြင် ပြင်ပစာပေများ ဖတ်ရှုရမည်ဖြစ်ပြီး အသိပညာများကို လက်တွေ့ဘဝတွင် အသုံးချကာ နိုင်ငံ့တာဝန်များကို စွမ်းစွမ်းတမံကြိုးစား ဆောင်ရွက်သွားကြစေလိုကြောင်း အမှာစကားပြောကြားခဲ့သည်။
ဆက်လက်ပြီး ကျောက်ဆည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် အမှတ်ပေးစည်းမျဉ်း/စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့ပြီး အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ကျောက်ဆည်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား/ကျောင်းသူ (၁၈)ဦးတို့က မူးယစ်ရန်စွယ်တို့ကာကွယ်၊ ဇာတိဂုဏ်နှင့်အမျိုးသားနေ့၊ ကျွန်တော့်ရည်မှန်းချက်၊ ယနေ့လူငယ် နောင်ဝယ်လူကြီး၊ ပညာမြင့်မှနှလုံးလှ၊ မြန်မာ့ယဉ်ကျေးမှုအနုပညာ၊ ယဉ်ကျေးမှုအစဉ်အလာ မြန်မာ့ဝတ်စုံရတနာ၊ ကိုယ်လက်လှုပ်ရှားအားကစား၊ကျွန်တော်သိသော ဗိုလ်ချုပ်အောင်ဆန်း စသည့်ခေါင်းစဉ်များဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲအပြီးတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုများ ချီးမြှင့်ပေးအပ်သွားမည့်အပြင် ပြိုင်ပွဲဝင်ကျောင်းသား/ကျောင်းသူများအားလုံးကို အမှတ်တရလက်ဆောင်များ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)