ပေါင်မြို့နယ်ပညာရေးဇုန်အလိုက် အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး အားကစားပြိုင်ပွဲ ကျင်းပ

ပေါင်        နိုဝင်ဘာ         ၈

မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ ကိုယ်ခန္ခာကြံ့ခိုင်ကျန်းမာရေးအတွက် ပညာရေးဇုန်အလိုက် ကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး အားကစားပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အားကစားကွင်း၌ စတင်ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်က ကျောင်းသား/သူများအနေဖြင့်   အားကစားပြိုင်ပွဲကျင်းပရခြင်းဖြင့် ဗလငါးတန်နှင့်ပြည့်စုံခြင်း၊ ဉာဏ်ရည်ကွန့်မြူးလာ၍ ကျောင်းစာကို ကျက်မှတ်လွယ်ကာ ပညာလည်းထူးချွန်လာမည်ဖြစ်ကြောင်း၊ မြန်မာ့အားကစားကမ္ဘာကိုလွှမ်းရမည်ဆိုသည့် ဆောင်ပုဒ်အတိုင်း အားကစားထူးချွန်လာပါက နိုင်ငံကိုကိုယ်စားပြုသည့် အားကစားသမားကောင်းဖြစ်လာရန် ကြိုးစားကြဖို့အမှာစကားပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ပညာရေးမှူးဒေါ်စန်းစန်းအေးက ကျောင်းသား/သူများ အားကစားယှဉ်ပြိုင်ရာတွင် ကျောင်းပေါင်းစုံက တက်ညီလက်ညီ ပါဝင်ယှဉ်ပြိုင်ကြသည့်အတွက် ဝမ်းသာဂုဏ်ယူပါကြောင်း  အားကစားကဏ္ဍသည် ပညာရေးအတွက်အရေးပါသောအခန်းကဏ္ဍတွင်ပါဝင်သောကြောင့် ကျောင်းသား/သူများက အားကစားပြိုင်ပွဲများအပြင် နေ့စဉ်ကိုယ်လက်လှုပ်ရှား အားကစားများကိုလည်း  ပြုလုပ်ဆောင်ရွက်ကြဖို့လိုအပ်ပါကြောင်း အမှာစကားပြောကြားပြီး ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့်မြို့နယ်အားကစားမှူးတို့က အားကစားအတွက် သင်ထောက်ကူပစ္စည်းများပေးအပ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက အားကစားအတွက်ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။

အဆိုပါဖွင့်ပွဲကို ဘင်ခရာအက၊ အေရိုးဗစ်အကအဖွဲ့များဖြင့်ဖျော်ဖြေကာ ပထမနေ့ ဘောလီဘောပြိုင်ပွဲ တောင်အရှေ့ဇုန်နှင့်မုတ္တမဇုန်အသင်းတို့က ပါဝင်ယှဉ်ပြိုင်ကာ ပြိုင်ပွဲကိုစတင်ခဲ့သည်။ ဆက်လက်၍ ပိုက်ကျော်ခြင်း၊ ဘတ်စကတ်ဘော၊ ဘောလုံး၊ ကြက်တောင်၊ စားပွဲတင်တင်းနစ်၊ ပြေးခုန်ပစ်စသည့် အားကစားပြိုင်ပွဲများကို နိုဝင်ဘာလ(၈)ရက်နေ့မှ (၁၂)ရက်နေ့အထိ (၅)ရက်ကြာပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)