သန်လျင်၌ ပြည်သူများအတွက် “လိုလျှင်ယူပါ ပိုလျှင်လှူပါ” Food Box စတင်ထားရှိ

ရန်ကုန် အောက်တိုဘာ ၂၂

ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်- ၁၉ ရောဂါ ဖြစ်ပွားနေချိန်တွင် ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်း ကိုဗစ်- ၁၉ ကာလ အခြေခံပြည်သူများ စားဝတ်နေရေး အစဉ်ပြေစေရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များ၊ စေတနာရှင် အလှူရှင်များက အလှူငွေနှင့် စားသောက်ကုန်ပစ္စည်း များအား လှူဒါန်းပေးလျက်ရှိရာ ယနေ့ နံနက် ၁၁ နာရီက TOGETHER THANLYIN ဦးဆောင်ကာ အခြေခံမိသားစု ပြည်သူများအတွက် တစ်ရက်စာ လိုသလောက်သာယူပါ အစီအစဉ်ဖြင့် လိုလျှင်ယူပါ ပိုလျှင်လှူပါ Food Box အား သန်လျင်မြို့ ဗိုလ်ချုပ်နေဝင်း လမ်းနှင့် ဖို့မြေလမ်းဆုံအနီး ဖို့မြေလမ်းမကြီးဘေး၌ စတင်ထားရှိကြောင်း သိရသည်။

ဒီနေ့မှစထားဖြစ်တာပါ အဓိကတော့ အမှန်တကယ်လိုအပ်တဲ့ အခြေခံမိသားစု ပြည်သူတွေ အတွက်ပါ ဒီ Food Box ထဲမှ ဟင်းသီးဟင်းရွက် မျိုးစုံကို အလွယ်တကူ လိုလျှင်ယူလို့ ရအောင်နဲ့ ပိုလျှံတဲ့သူများလည်း လှူလို့ရအောင် ထားပေးထားပါတယ် ဟင်းသီးဟင်းရွက် တွေက အမယ်စုံပါတယ် အာလူး၊ ကြက်သွန်၊ ဂေါ်ဖီ၊ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ မုံညင်းရွက်၊ ဗူးသီး၊ ခရမ်းသီး၊ ခရမ်းချဉ်သီး၊ ဂေါ်ရခါးသီး၊ ပဲသီး၊ ဖရုံသီး၊ သခြားသီး၊ ဌက်ပျောသီး၊ ကြက်ဥ စတဲ့ အခြေခံစားကုန်များ ပါရှိပါတယ် နောက်ပိုင်းတော့ အခြေခံစားကုန် ဆန်၊ ဆီ၊ ဆား စတဲ့ အဓိက လိုအပ်တာလေးတွေ အလွယ်တကူ ယူလို့ရအောင် အထုပ်လေးများနဲ့ ထားရှိပေးဖို့လည်း အစီအစဉ်ရှိပါတယ်ဟု သန်လျင်မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်မှု အထောက်အကူပြုကော်မတီ TOGETHER THANLYIN မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ အခြေခံမိသားစု ပြည်သူများအတွက် လိုလျှင်ယူပါ ပိုလျှင်လှူပါ အစီအစဉ် Food Box များအား သန်လျင်မြို့နယ်အတွင်း တိုးချဲ့ထားရှိပေးသွားမည်ဖြစ်ကြောင်းနှင့် လိုလျှင်လာယူလို့ ရသလို ပိုလျှင်လည်း လာလှူလို့ရကြောင်း၊ လှူဒါန်းလိုသော အလှူရှင်များအနေဖြင့် လာလှူရန်အခက်အခဲရှိက TOGETHER THANLYIN (ဖုန်း) 09763168439 09761466501၊ 09456337991၊ 09793660071၊ 09262895094၊ 09777300480၊ 09798004397 များသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်းနှင့် သန်လျင်မြို့နယ် အတွင်းရှိ ပြည်သူများအနေဖြင့် ကျန်းမာရေးအတွက်သော်လည်းကောင်း၊ နေအိမ်ပြင်ပ ထွက်ရန်အခက်အခဲရှိသော ပြည်သူများ ဈေးဝယ်ယူရန်လိုအပ်ပါက မူရင်းဈေးနှုန်းအတိုင်း ပို့ဆောင်ခ (အခမဲ့) ဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ရပ်ကွက်နှင့် ကျေးရွာများသို့လည်း ဈေးကားများဖြင့် အခြေခံစားသောက်ကုန်ပစ္စည်းများအား ဈေးအတွင်းရောင်းချသော မူရင်း ဈေးနှုန်းများအတိုင်း လှည့်လည်ရောင်းချပေးလျက်ရှိပြီး ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေး အတွက် ပိုသတ်ဆေးဖျန်းရန် လိုအပ်ပါကလည်း အထက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ် အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။

သန်လျင်မြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် သန်လျင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ ဦးဆောင်ကာ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အထောက်အကူပြု ကော်မတီများ၊ မြို့မိမြို့ဖများ၊ အလှူရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များ၊ ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ဆယ်အိမ်မှူး ရာအိမ်မှူးများနှင့် ပြည်သူများပူးပေါင်းကာ အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်နေကြောင်း သိရသည်။

သက်ခိုင် (သန်လျင်)