မန့်ဟီးရိုး အောက်တိုဘာ ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် အသက်(၉)နှစ်မှ (၁၀)နှစ်အတွင်းရှိ မိန်းကလေးငယ် များ အား (HPV) ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းကို ယမန်နေ့ နံနက်(၉)နာရီ အချိန်က မန့်ဟီးရိုးမြို့၊ တိုက်နယ် ဆေးရုံ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးသည်။
အဆိုပါ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (HPV)ထိုးနှံခြင်း လုပ်ငန်းကို မန့်ဟီးရိုးမြို့ တိုက်နယ်တာဝန်ခံ ဆရာဝန် ဒေါက်တာစိုင်းယီအောင်နှင့် ကျန်းမာရေးဆရာမ ဒေါ်နန်းစံဟွမ်တို့က မြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်၊ ကောက်ကွက်ကျေးရွာအုပ်စုနှင့် နောင်ဖိုင်ကျေးရွာအုပ်စုတို့ရှိ အသက်(၉)နှစ်မှ အသက်(၁၀)နှစ်အတွင်း အမျိုးသမီးငယ် (၅၀)ကျော်ခန့်ကို ပထမအကြိမ်အဖြစ် (HPV) ကာကွယ် ဆေးအား ထိုးနှံပေးခြင်း ဖြစ်သည်။
ဆက်လက်ပြီး ကျန်းမာရေးဌာနမှ စာရင်းကောက်ယူထားသည့် အသက်(၉)နှစ်နှင့် (၁၀)နှစ်အတွင်း မိန်းကလေး ငယ်များကို ပထမအကြိမ် စတင်ထိုးနှံပေးခြင်းဖြစ်ကြောင်း၊ သားအိမ်ခေါင်း ကင်ဆာ အများစုသည် (HPV)ပိုးကြောင့် ဖြစ်ပွားမှု အများဆုံး ဖြစ်သဖြင့် (HPV)ပိုး အမျိုးစားတွင်ပါဝင်သော (၁၆) နှင့် (၁၈) ပိုးများက သားအိမ်ခေါင်း ကင်ဆာ အားလုံး၏ (၇၀)ရာခိုင်နှုန်းဖြစ်ပွားနိုင်ကြောင်း၊ ယခု ကာကွယ်ဆေးကို မိန်းကလေးငယ်များအား (အခမဲ့) တစ်နှစ်ခြား (၂)ကြိမ် နှုန်းဖြင့် ထိုးနှံပေးသွားမည်ဖြစ်၍ သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားမှုကို ကြိုတင်ကာကွယ်နိုင်မည့် အခွင့် အလမ်းဖြစ် သဖြင့် မိန်းကလေးငယ်များ မကျန်ရှိစေရေးအတွက် လိုအပ်ကြောင်းနှင့် အောက်တိုဘာ(၂၃)ရက်နေ့ အထိ လာရောက်ထိုးနှံကြရန် ကာကွယ် ဆေး လာရောက်ထိုးနှံသည့်နေရာသို့ တက်ရောက်လာကြသည့် မိဘပြည်သူများနှင့် မိန်းကလေးငယ်များကို တိုက်တွန်းနှိုးဆော်မှုများ ဆောင်ရွက်ထားကြောင်း မန့်ဟီးရိုးမြို့၊ မြို့ကျန်းမာရေးဌာနမှ သိရ သည်။
စန္ဒာ(ပြန်/ဆက်)