မြစ်သား နိုဝင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများကို စာပေထူးချွန်ပြီးဘက်စုံထူးချွန်ထက်မြက်သော လူငယ်များပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် Grade-5 မှ Grade-9 ထိ မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာဘာသာရပ် စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နံနက်(၉)နာရီအချိန်က မြစ်သား အ.ထ.က ကျောင်း၌ ကျင်းပခဲ့သည်။
အဆိုပါ ဘာသာရပ်စွမ်းရည်ပြိုင်ပွဲတွင် အင်္ဂလိပ်စာဘာသာရပ်ကို Grade–5 မှ Grade–9 ထိ ကျောင်းသား၊ ကျောင်းသူ(၉၈)ဦးနှင့် သင်္ချာဘာသာရပ်တွင် Grade -5 မှ Grade -9ထိ ကျောင်းသား၊ ကျောင်းသူ (၁၁၃)ဦး စုစုပေါင်း(၂၁၁)ဦး ပါဝင်ယှဉ်ပြိုင်ဖြေဆိုခဲ့ကြသည်။ ပြိုင်ပွဲကို နံနက်ပိုင်းတွင် ရေးဖြေဖြေဆိုကြရပြီး နေ့လည်ပိုင်း၌ နှုတ်မှုစွမ်းရည်ဖြေဆိုခြင်းတို့ကို သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဖြေဆိုခဲ့ကြသည်။
ဘာသာရပ်ဆိုင်ရာ စွမ်းရည်ပြိုင်ပွဲတွင် တစ်တန်းချင်းဘာသာရပ်အလိုက် ပထမဆုရရှိသည့် ကျောင်းသား၊ကျောင်းသူများကို မြို့နယ်ကိုယ်စားပြုအဖြစ် ခရိုင်အဆင့်တွင် ဆက်လက်ဖြေဆိုရမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဝင်မင်းထွန်း(မြစ်သား)