ကျောက်တလုံးကြီး နိုဝင်ဘာ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတရရှိစေရန် အသိပညာပေး လုပ်ငန်းများကို လစဉ်ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ဂနိုင်ထော့ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းသို့ နယ်လှည့်ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့် စာအုပ်စာစောင်ပြပွဲများကို ယနေ့နံနက် ၁၀ နာရီခွဲက ကွင်းဆင်းဆောင်ရွက်သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်တလုံးကြီးမြို့ဦးစီးမှူး ဒေါ်သန္တာဝင်းက လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများကိုလည်းကောင်း၊ ဓာတ်ပုံကျွမ်းကျင်-၂ ဦးဇော်နိုင်လင်းက စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကိုလည်းကောင်း အသိပညာပေး ဟောပြောပြီး ဝန်ထမ်းများက ကျောင်းသားလူငယ်များ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် စာအုပ်ပြပွဲနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ကို ပြသဆောင်ရွက်သည်။
အဆိုပါ နယ်လှည့်ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့် စာအုပ်စာစောင်ပြပွဲသို့ အ.မ.က ထီပြွန်မှ ကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/သူ ၆၀ ဦး တက်ရောက်ခဲ့ကြကြောင်းနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်လှည့်လုပ်ငန်းများအပြင် အွန်လိုင်းမှတစ်ဆင့် အသိပညာပေးလုပ်ငန်းများကို ရိုက်ကူးထုတ်လွှင့်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
ဇော်နိုင်လင်း