တွံတေးမြို့နယ်၌ အထက်တန်းအဆင့် ကျောင်းပေါင်းစုံကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

တွံတေး နိုဝင်ဘာ ၈

ကျောင်းသား၊ ကျောင်းသူ လူငယ်၊လူရွယ်များအနေဖြင့် ဘက်စုံထူးချွန်သော လူရည်ချွန်၊ လူရည်မွန်များ ဖြစ်လာစေရန်၊ အသိပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဥာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော အထက်တန်းအဆင့် ကျောင်းပေါင်းစုံ ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီတွင် တွံတေးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ယုဇနခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တွံတေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးဝင်းထွန်းနိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသက်ဦးက ပြိုင်ပွဲကျင်းပရသည့် ရည်ရွယ်ချက်ဖြစ်သည့် ကျောင်းသား၊ ကျောင်းသူများ စာပေနှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ ဗလငါးတန်ပြည့်စုံစေရန်၊ နှုတ်မှုစွမ်းရည်ထက်မြက်စေရန်၊ မိမိကိုယ်ကိုယုံကြည်မှုရှိစေပြီး အများရှေ့တွင်ရဲဝံ့စွာ ပြောဆိုနိုင်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပပေးခဲ့ကြောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ အမှတ်ပေးအဖွဲ့ခေါင်းဆောင် ငါးလုပ်ငန်းဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးတင့်လွင်က အမှတ်ပေးစည်းမျဥ်း၊ စည်းကမ်းများ၊ ပြိုင်ပွဲစည်းကမ်းများ ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက်  ပြိုင်ပွဲကိုဆက်လက်ကျင်းပရာ ပြိုင်ပွဲကျင်းပခဲ့သော အခြေခံပညာအထက်တန်းကျောင်းများမှ ပထမ၊ ဒုတိယ၊ တတိယရရှိသော ကျောင်းသား၊ ကျောင်းသူ(၁၅)ဦးကို အမှတ်စဥ်နှင့် ကျပန်းခေါင်းစဥ်များအား မဲနှိုက်၍ ယှဥ်ပြိုင်ခဲ့ကြရာ ပထမဆုကို အ.ထ.က(၁)မှ မခွန်းဆင့်ကလည်းကောင်း၊ ဒုတိယဆုကို အ.ထ.က(ခွဲ)တမံကြီးမှ မောင်အောင်သက်ဇော်ကလည်းကောင်း၊ တတိယဆုကို အ.ထ.က(သဝန်းတော)ကျောင်းမှ မောင်ဝေယံထွန်းကလည်းကောင်း၊ အထူးဆုရရှိသူ (၄)ဦး နှစ်သိမ့်ဆုရရှိသူ(၇)ဦးတို့အား ဆုရရှိသူများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုတံဆိပ်နှင့် ဆုငွေများ၊ မှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။

အခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူများ ပျော်ပွဲ၊ ရွှင်ပွဲအဖြစ် မြှားပစ်ပြိုင်ပွဲ၊ အဝိုင်းလှည့်ပြိုင်ပွဲများ စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီး ဆုရရှိသူများအား ကျောင်းသုံးဗလာစာအုပ်များနှင့် ခဲသားဘောပင်များ လက်ဆောင်ဆုအဖြစ် ပေးအပ်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်ပြပွဲကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှု့လေ့လာခဲ့ကြသည်။

တွံတေးသား