တန့်ယန်း နိုဝင်ဘာ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်သို့ ရောက်ရှိလာသော ယာယီနေရပ်စွန့်ခွာသူပြည်သူများအား ခရိုင်နှင့် မြို့နယ်တို့မှ တာဝန်ရှိသူများက ယမန်နေ့ မွန်းလွဲ ညနေပိုင်းတွင် နွေးထွေးစွာကြိုဆိုကြပြီး ယာယီစခန်းများ၌ နေရာချထားပေးကာ ကျွေးမွေးပြုစုကျန်းမာရေးစောင့်ရှောက်၍ နေရပ်ဒေသအသီးသီးသို့ ပြန်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးသည်။
အဆိုပါ ယာယီနေရပ်စွန့်ခွာသူများအား နယ်မြေခံတပ်နယ်မှ စစ်ဗျူဟာမှူးကြီး ဗိုလ်မှူးကြီး ကျော်နိုင်ဦးနှင့် အရာရှိကြီးများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်နှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိ ဌာနဆိုင်ရာ အကြီးအကဲများက နွေးထွေးစွာကြိုဆိုကြပြီး ယာယီစခန်းများ၌ စနစ်တကျ နေရာချထားပေးကာ စားရေး သောက်ရေး၊ နေရေး ထိုင်ရေးများကို စီစဉ်ဆောင်ရွက်ပေး၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန် ဆရာမများက ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးသည်။
ယင်းနောက် ရောက်ရှိလာသော ယာယီနေရပ်စွန့်ခွာသူများအား နေရပ်ဒေသအသီးသီးသို့ ပြန်နိုင်ရေးအတွက် တာဝန်ရှိသူများက စီစဉ်ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)