လားရှိုး နိုဝင်ဘာလ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း ဖြစ်ပွားလျက်ရှိသော တိုက်ပွဲဖြစ်စဉ်များကြောင့် လားရှိုး မြို့ရှောင်လမ်းတွင် ပိတ်မိနေသော ခရီးသည်တင်ယာဉ်များမှ ခရီးသွားများနှင့်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအတွက် ဒုတိယမြောက်နေ့အဖြစ် ဆက်လက်လှူဒါန်းမှုများ သွားရောက်ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဒုတိယမြောက် အလှူရှင်များအနေဖြင့် လားရှိုးမြို့ပေါ်ရှိ စေတနာရှင်အလှူရှင်များက လှူဒါန်းခြင်းဖြစ်ပြီး မေတ္တာစမ်းရေကြည် (အမျိုးသမီး) လူမှုကူညီရေးအဖွဲ့က ချက်ပြုတ်ကြော်လှော်ကာ နေရာအရောက် သွားရောက်လှူဒါန်းခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ခရီးသွားများသည် အောက်တိုဘာလ ၂၈ ရက်နေ့မှ စတင်ကာ လားရှိုးမြို့ရှောင်လမ်းတွင် ပိတ်မိနေခြင်းဖြစ်ပြီး လမ်းပြန်ဖွင့်မည့်အချိန်အား စောင့်ဆိုင်းနေကြရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ခရီးသည်များသည် မြို့ရှောင်လမ်းအနီးရှိ စက်သုံးဆီဆိုင်အနီးတွင် ရပ်တန့်နေထိုင်နေကြရသဖြင့် ၎င်းတို့အတွက် လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို လားရှိုးမြို့ရှိ ပရဟိတအဖွဲ့များက သွားရောက်လှူဒါန်းခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)