သာစည်မြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၃၅ နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားပြုလုပ်

သာစည် နိုဝင်ဘာ ၈

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၃၅ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အခမ်းအနားကို နိုဝင်ဘာ ၇ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ နံနက် ၇ နာရီမှ စတင်၍ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေး ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ အငြိမ်းစားဝန်ထမ်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်များအား နံနက်စာဖြင့် ကျွေးမွေးဧည့်ခံသည်။ ဆက်လက်ပြီး နံနက် ၁၀ နာရီခွဲတွင် အမှတ်(၆)ရပ်ကွက် သာယာကုန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပုညဓဇအမှူးပြုသော ဆရာတော်သံဃာတော် ၅ ပါးတို့အား နေ့ဆွမ်း၊ ဘောဇဉ်နှင့်လှူဘွယ် ဝတ္ထုများဆပ်ကပ်ပြီး ရေစက်ချတရားနာယူကြသည်။ ထို့နောက် နှစ်ပတ်လည်နေ့ အခမ်းအနားကိုကျင်းပပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်ကျော်က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်းကိုဖတ်ကြားပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဖြစ်ပေါ်လာပုံနှင့် တာဝန်ယူဆောင်ရွက်ရသည့် လုပ်ငန်းစဉ်များကို မှတ်တမ်းရိုက်ကူးထားသည့် ဗီဒီယိုအား ပရိုဂျက်တာဖြင့် ပြသခဲ့ကြောင်းသိရသည်။ ၎င်းနောက် အငြိမ်းစားဝန်ထမ်း ၂၇ ဦးတို့အား အမှတ်တရ ပစ္စည်းများဖြင့် ဂါရဝပြုကန်တော့ကြသည်။ ဆက်လက်၍ ပျော်ပွဲရွှင်ပွဲအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများက ပါဆယ်ဂိမ်းဖြင့်မဲနှိုက်ကြပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ ဖလှယ်ရယူကြသည်။

၃၅ နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် ယခင်ရက်များက ဆရာတော်သံဃာတော်များအား အရုဏ်ဆွမ်းလောင်းခြင်း၊ ကုသိုလ်ကောင်းမှုများပြုလုပ်ခြင်းနှင့် ဘုရားစေတီများ၌ သန့်ရှင်းရေး ဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)