စစ်တွေ နိုဝင်ဘာ ၈
ရခိုင်ပြည်နယ် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ဆောင်းဦးပွဲတော် (၂၀၂၃) ကျင်းပရေးနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများစုပေါင်းပြီး စုပေါင်းဘုံကထိန်အလှူတော်မင်္ဂလာ အခမ်းအနား အောင်မြင်စွာကျင်းပရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးရှိ အစည်းအဝေးခန်းမ၌ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ရခိုင်ပြည်နယ်တွင် ငပလီကမ်းခြေခရီးစဉ်ဒေသနှင့် မြောက်ဦးယဉ်ကျေးမှု ခရီးစဉ်ဒေသတို့သည် အဓိကခရီးစဉ်ဒေသကြီး (၂)ခုဖြစ်ကြောင်း၊ ထို့ပြင် ဂွကမ်းခြေ၊ ကျောက်ဖြူကမ်းခြေနှင့် မာန်အောင်ကျွန်းများလည်း အလားအလာကောင်းသည့် ခရီးစဉ်ဒေသများဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့်လည်း ပြည်တွင်းခရီးသွားများကို အခြေခံပြီးခရီးစဉ်ဒေသကို ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးလာရန် ကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ယခင်နှစ်များကကျင်းပခဲ့သည့် ငပလီကမ်းခြေဒေသအပြင် မြောက်ဦးခရီးစဉ်ဒေသ၊ စစ်တွေမြို့၊ ကျောက်ဖြူမြို့နှင့် မာန်အောင်ကျွန်ကိုလည်း ခရီးသွားရာသီစတင်ခြင်း အထိမ်းအမှတ်အနေဖြင့် ဆောင်းဦးပွဲတော်များကို ဆက်တိုက်ဆိုသလို ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းသည် ဝန်ဆောင်မှုလုပ်ငန်းဖြစ်တာကြောင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများကို ဆက်စပ်ဆောင်ရွက်နေကြသည့် လုပ်ငန်းအားလုံကို မိမိဒေသကိုလာရောက်သည့် ခရီးသည်များအပေါ်တွင် နွေးထွေးပျူငှာပြီး ကောင်းမွန်ပြည့်စုံသည့် ဝန်ဆောင်မှုကိုပေးရန်လိုအပ်ပါကြောင်း၊ တစ်ခေါက်တခါ လာရောက်သည့် ဧည့်သည်များအား ရခိုင်ပြည်နယ်သို့ အကြိမ်ကြိမ်ထပ်ပြီး လာရောက်ချင်သည့် စိတ်ဆန္ဒများဖြစ်ပေါ်လာအောင် ရခိုင်ပြည်နယ် သဘာဝအလှအပ၊ ရိုးရာယဉ်ကျေးမှုအစဉ်အလာ အငွေ့အသက်နှင့် မူလသဘာဝအတိုင်း သန့်ရှင်းသပ်ရပ် နေရမှာဖြစ်၍ ခရီးသွားနယ်ပယ်က သက်ဆိုင်သူများအနေနှင့်လည်း ပြည့်စုံကောင်းမွန်းသည့် ဝန်ဆောင်မှုများကို ပေးကြရန်လိုအပ်ပါကြောင်း၊ ရခိုင်ပြည်နယ်ကို အဓိကအထင်ကရ ခရီးစဉ်များဖြင့် ကောင်းသတင်းကို ခရီးသွားဧည့်သည်များမှ တစ်ဆင့်ကမ္ဘာ့အရပ်ရပ်ကို ပျံ့နှံ့စေရန် ရခိုင်ပြည်နယ်ပုံရိပ်နှင့် ဂုဏ်သိက္ခာကို ဒေသကနေမြှင့်တင်ဆောင်ရွက်ပေးရန်နှင့် ခရီးသွားလုပ်ငန်းများကို ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများကလည်း အတူညီညာလက်တွဲပြီး ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်က ဆောင်းဦးပွဲတော်ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ ပြည်နယ်ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးတင်ထွန်းအောင်က ဆောင်းဦးပွဲတော်ကျင်းပမည့် အခြေအနေအား Power Point ဖြင့် ရှင်းလင်းတင်ပြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Zoom Meeting များဖြင့် တက်ရောက်ကြ၍ ရှင်းလင်းတင်ပြကြသည်။
ဆက်လက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့်ဌာနဆိုင်များ စုပေါင်းပြီး စုပေါင်းဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနား အစည်းအဝေးကို ဆက်လက်ကျင်းပရာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးကျော်သူဇော်က စစ်တွေမြို့ပေါ်ရှိ သံဃဝန်ဆောင်ဆရာတော်များ၊ ဩဝါဒစရိယဆရာတော်များ၊ ထေရ်ကြီးဝါကြီး ဆရာတော်ကြီး(၉)ပါးကို ပင့်ဖိတ်ပြီး ၂၀၂၃ ခုနှစ်၊ နိုင်ဝင်ဘာလ (၂၇) ရက်နေ့၊ တန်ဆောင်မုန်းလပြည့်နေ့တွင် စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီး၊ သာသနာ့ဗိမာန် အတွင်း၌ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ စုပေါင်းဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားဖြစ်သည့်အတွက် ဌာနဆိုင်ရာများအနေဖြင့်လည်း စုပေါင်းပြီးကထိန်လျာသင်္ကန်းနှင့် ပဒေသာပင်များ ပါဝင်လှူဒါန်းနိုင်ရန် ပြောကြားလိုပါကြောင်း၊ ယခုကဲ့သို့ စုပေါင်းဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်း ရခြင်းအားဖြင့် ထေရဝါဒဗုဒ္ဓဘာသာ သာသနာတော်ကြီး သန့်ရှင်းရေး၊ အရှည်တည်တံ့ခိုင်မြဲရေး၊ သာသနာတော်ထွန်းကား ပြန့်ပွားရေးတို့အတွက် မိမိတို့ဗုဒ္ဓဘာသာဝင်များအနေဖြင့် နောင်သံသရာအဆက်ဆက်လည်း သန့်ရှင်းထည်ဝါစွာရပ်တည်နိုင်မည့် မွန်မြတ်လှသည့်ကုသိုလ် အလှူတရားဖြစ်ပါကြောင်း၊ ထို့ကြောင့် စုပေါင်းဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တက်ရောက်လာကြသော ကော်မတီဝင်များအနေဖြင့် လုပ်ငန်းလိုအပ်ချက်များရှိပါက ဦးစီးကော်မတီသို့ အချိန်မီတင်ပြပေးရန်လိုအပ်ပြီး ဦးစီးကော်မတီအနေဖြင့်လည်း လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် လုပ်ငန်းကော်မတီဥက္ကဋ္ဌများဖြစ်ကြသော ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် လုပ်ငန်းကော်မတီ အတွင်းရေးမှူးများဖြစ်ကြသော ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ကော်မတီအလိုက် ကြိုတင်ဆောင်ရွက်ထားရှိမှုများ၊ ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များနှင့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)