မြစ်ကြီးနားမြို့၌ လာချိဒ်တိုင်းရင်းသားတို့၏ ရိုးရာအတီးအမှုတ်၊ အဆိုအက၊ တေးသရုပ်ဖော်ပြိုင်ပွဲ ကျင်းပပြုလုပ်မှုအား ပြည်နယ်ဝန်ကြီးများ တက်ရောက်အားပေးချီးမြှင့်

မြစ်ကြီးနား     နိုဝင်ဘာ ၈

ကချင်တိုင်းရင်းသားမျိုးနွယ်စုဝင် လာချိဒ်တိုင်းရင်းသား ရှေးဘိုးဘွားများ၏ ရိုးရာအမွေအနှစ် များကို ခေတ်စနစ်အလိုက် မျိုးဆက်သစ်လူငယ်များအား လက်ဆင့်ကမ်းထိန်းသိမ်းတန်ဖိုးထားတတ် စေရန်အတွက် မြစ်ကြီးနားဇုံနယ်လာချိဒ်စာပေနှင့်ယဉ်ကျေးမှုကော်မတီက ကြီးမှူးကျင်းပပြုလုပ် သော လာချိဒ်ရိုးရာ အတီးအမှုတ်၊ အဆိုအက၊ တေးသရုပ်ဖော်ပြိုင်ပွဲကို မြစ်ကြီးနားမြို့ စီတာပူ ရပ်ကွက်၊ မနောကွင်းအတွင်းရှိ မဂျွယ်ခန်းမ၌ (၂)ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ နိုဝင်ဘာ ၇ ရက် နံနက် ၉ နာရီခွဲက ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်သည်။   

အဆိုပါ အခမ်းအနားသို့ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်တို့ တက်ရောက်အားပေးခဲ့ကြပြီး ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးက တိုင်းရင်းသားများအနေဖြင့် မိမိတို့၏ ရိုးရာယဉ်ကျေးမှု အနု ပညာအမွေအနှစ်များနှင့် အမျိုးသားယဉ်ကျေးမှုလက္ခဏာများ မပျောက်ပျက်စေရန် ဖော်ထုတ်ထိန်း သိမ်းခြင်း၊ မျိုးဆက်သစ်လူငယ်များအကြားတွင် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ထုတ် ထိန်းသိမ်းခြင်း စသည့်တို့ကို မဖြစ်မနေဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ယခုကျင်းပပြုလုပ်သည့် ပြိုင်ပွဲကြောင့် ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းချင်သည့် စိတ်ဓာတ်များထက်သန်လာမည်ဖြစ်သကဲ့သို့ မိမိတို့အစိုးရအဖွဲ့အနေဖြင့်လည်း အစဉ်တစိုက် ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် မြစ်ကြီးနားဇုံနယ် လူငယ်များအဖွဲ့က အဖွင့်သီချင်းသီဆိုဖျော်ဖြေခဲ့ကြပြီးပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က လာချိဒ်ရိုးရာပြိုင်ပွဲကို အားပေးကြရေး၊ ယခုလိုပြိုင်ပွဲများ ကို မဖြစ်မနေ မိမိတို့မျိုးဆက်သစ်လူငယ်များအတွက် စဉ်ဆက်မပြတ်ကျင်းပပြုလုပ်ကြရေးအားပေးပြောကြားပြီး မြစ်ကြီးနားဇုံနယ်လာချိဒ်စာပေနှင့်ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ၊ ဦးမော်ဂျော်ချန်းဇုန်းက ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ လာချိဒ်လူငယ်မောင်မယ် များက ရိုးရာ(စမ်းဝိန့်)အကဖြင့် ဖျော်ဖြေတင်ဆက်မှုကိုကြည့်ရှုအားပေးကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးများက ပြိုင်ပွဲအတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်းစီဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ်သိန်း (၂၀)ကို ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကော်တမီအတွင်းရေးမှူးက ကျေးဇူးတင်စကားပြောကြားကာ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအတွက် ရိုးရာ ပလိုင်းဖြင့်ဂါရဝပြုလက်ဆောင်ပေးအပ်ကြပြီး ပြည်နယ်ဝန်ကြီးများက ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် အလှူငွေထည့်ဝင်းခြင်းဖြင့် ကူညီပံ့ပိုးပေးသူများကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ ကြသည်။

အဆိုပါ လာချိဒ်ရိုးရာ အတီးအမှုတ်၊ အဆိုအက၊ တေးသရုပ်ဖော်ပြိုင်ပွဲကို (၂)ရက်ကြာ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပြီး ရှေးလာချိဒ်ဘိုးဘွားတို့ လက်ဆင့်ကမ်းထိန်းသိမ်းလာသော ပညာများကို မျိုးဆက်သစ်လူငယ်များအတွက် လာချိဒ်စာပေနှင့်ယဉ်ကျေးမှုကော်မတီက ကြီးမှူး၍ ရိုးရာသီချင်း ကြီးပြိုင်ပွဲ၊  တယောတီး၊ ပုလွေမှုတ်၊ မောင်းတီးပြိုင်ပွဲများ၊ ရိုးရာတေးသံစဉ်အက၊ ခေတ်ပေါ်တေး သရုပ်ဖော်အကနှင့် ခေတ်ပေါ်တေးအဆိုပြိုင်ပွဲများအဖြစ် ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်သည်။

လာချိဒ်တိုင်းရင်းသားတို့၏ ရိုးရာ အတီးအမှုတ်၊ အဆိုအကတို့သည် ရှေးလာချိဒ်ဘိုးဘွားတို့၏ နတ်ကိုးကွယ်မှုများ၊ သမီးရည်းစားလွမ်းချင်း၊ ကလေးချော့တိတ်ခြင်း၊ တောတောင်ရေမြေသဘာဝကို ချီးကျူးခြင်း၊ မောင်းထောင်းသည့်အခါများတွင် တေးသီချင်းများကို ဗုံရှည်၊ မောင်း၊ လင်းကွင်း၊ တယော၊ မယ်ဒလင်၊ပလွေစသည့် တူရိယာများကို အသုံးပြု၍ လည်းကောင်း၊ ရိုးရာအကများကို လည်း အိမ်သစ်တက်ခြင်း၊ ကောက်သစ်စားခြင်း၊ လနတ်သမီးခေါ်ပွဲ၊ မနောပွဲ၊ သခွားပွဲတော်၊ တောင်ယာပွဲတော်၊ သက်ပွားပွဲတော်နှင့် နှစ်သစ်ကူးပွဲတော်များကျင်းပပြုလုပ်ပြီး ဇောမ်ဂေါအက၊ ဂျီဂေါအက၊ ဆိမ်ဂေါအက၊ ကျုံးဂေါအက၊ ဂဘန်ဂေါအက တို့ကိုလည်းကောင်း ပြုလုပ်ဆင်နွှဲ၍ ယနေ့တိုင် လက်ဆင့်ကမ်းထိန်းသိမ်းလာခြင်းဖြစ်ကြောင်းသိရသည်။

ပြည်နယ်ပြန်/ဆက်