မလှိုင်မြို့၌ (၂၄) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး၊ (ဗဟိုအဆင့်)ပြိုင်ပွဲတွင် မိတ္ထီလာခရိုင်မှ ဆုရရှိခဲ့သူများနှင့်ပြိုင်ပွဲဝင်များအား ဂုဏ်ပြုဧည့်ခံပွဲအခမ်းအနားကျင်းပ

မလှိုင် နိုဝင်ဘာ ၈

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် ၂၀၂၃ ခုနှစ်(၂၄)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး၊ (ဗဟိုအဆင့်)ပြိုင်ပွဲတွင် မိတ္ထီလာခရိုင်မှ ရွှေတံဆိပ်ဆုရရှိခဲ့သူများနှင့်  ပြိုင်ပွဲဝင်များအား ဂုဏ်ပြုဧည့်ခံပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို ဂုဏ်ပြုလိုက်မယ်ရွှေလှိုင်မြို့ကကွယ် တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးခဲ့ပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများက ပြည်ထောင်စုရဲ့ထာဝရအလှ တိုင်းရင်းသားအကအလှများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြသည်။

ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးက မိမိတာဝန်ကျရာဒေသတွင်  ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ရေးအတွက် အဖက်ဖက်မှ မိမိတတ်စွမ်းမျှ ကူညီပံ့ပိုးဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ခရိုင်/မြို့နယ်များမှ ပူးပေါင်း ဆောင်ရွက်ပေးကြသူများ အားလုံးကိုလည်းကျေးဇူးတင်ရှိပါကြောင်း၊ မျိုးဆက်သစ်လူငယ်မောင်မယ်များအနေဖြင့် ဆုများရရှိခဲ့သည့်အတွက် ဂုဏ်ယူဝမ်းသာပါကြောင်း၊ နောင်နှစ်များမှာ ယခုနှစ်ထက်ဆုများ ပိုမိုရရှိအောင် ဆက်လက်လေ့ကျင့်ပြီး ဆောင်ရွက်စေလိုပါကြောင်း၊  နိုင်ငံတော်မှ ယခုပြိုင်ပွဲကို ဦးတည်ချက်(၄)ရပ်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ဗလငါးတန်နှင့်ပြည့်စုံသည့် နိုင်ငံတော်၏ သားကောင်းရတနာ၊ သမီးကောင်းရတနာ မျိုးဆက်သစ်များဖြစ်လာစေရန် ပညာရှာမှီးရင်းဗလငါးတန်ဖွံ့ဖြိုးအောင် လေ့ကျင့်ဆောင်ရွက်သွားစေလိုပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးဇော်ဇော်ဉီးနှင့်အဖွဲ့ဝင်များ၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာစောမြင့်ထူး၊ မိတ္ထီလာခရိုင်အတွင်းရှိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ဗဟိုအဆင့်တွင်ဆုရရှိသူများနှင့် ခရိုင်အဆင့်တွင် ဆုရရှိသူများအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။ ယင်းနောက် ဗဟိုအဆင့်နှင့် ခရိုင်အဆင့်တွင်ဆုရရှိသူ ကျောင်းသား/ကျောင်းသူလေးများက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြရာ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ဌာနဆိုင်ရာအကြီးအကဲများက ဆုငွေများချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ယင်းနောက် အခမ်းနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနဝန်ထမ်းများက အလှကမ္ဘာမြေ အကအလှဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြသည်။

အခမ်းအနားသို့ မိတ္ထီလာခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ပညာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ ပြိုင်ပွဲဝင်ကျောင်းသား/သူများ တက်ရောက်ခဲ့ကြသည်။

အောင်ဌေး(မလှိုင်)