မန္တလေး နိုဝင်ဘာ ၈
ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၅)နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားကို မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးမြို့တော်ခန်းမတွင် ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်/ အောက်မြန်မာပြည်)၌ အုပ်ချုပ်မှုစွမ်းရည်မြင့်မားရေးသင်တန်း၊ အရာထမ်းငယ်သင်တန်းတွင် ထူးချွန်ဆု ရရှိခဲ့သည့် မန္တလေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအဆင့်ဆင့်မှ ဝန်ထမ်းများအား ဆုချီးမြှင့်ပေးသည်။ ထို့နောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီးနေလင်းစိုးက အရာထမ်းအခြေခံသင်တန်းတွင် ထူးချွန်ဆု ရရှိကြသူများကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးဝေဇင်ထွန်းက တိုင်းဒေသကြီးရုံး စာရေးဝန်ထမ်းမွမ်းမံသင်တန်းတွင် ထူးချွန်ဆုရရှိကြသူများနှင့် တစ်နှစ်ပါတ်လုံး မည်သည့်ခွင့်မျှခံစားရယူခြင်းမရှိဘဲ တာဝန်ထမ်းဆောင်ခဲ့ကြသော အရာထမ်းဝန်ထမ်း(၄)ဦးနှင့် အမှုထမ်းဝန်ထမ်း(၇)ဦး၊ စုစုပေါင်း(၁၁)ဦးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။
၎င်းနောက် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)က ပေးပို့လာသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သမိုင်းကြောင်းဖြစ်စဉ် Video Clip ပြသသည်။
ဆက်လက်၍ ဒုတိယပိုင်းအခမ်းအနားကိုကျင်းပရာ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အငြိမ်းစားဝန်ထမ်းများအား တိုင်းအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ဝန်ထမ်းများက ဂါရဝပြုကန်တော့ကြရာ တိုင်းအုပ်ချုပ်ရေးမှုး (အငြိမ်းစား) ဦးယဉ်မောင်က ဆုံးမစကားနှင့်ဆုပေးစကားပြောကြားသည်။
ထို့နောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နှစ်ပတ်လည်နေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲအဖြစ် ကံစမ်းမဲဖောက်ပေးကြရာ ဝန်ထမ်း (၂၅၆)ဦးတို့ကို ငွေကျပ်သိန်း (၂၂၀)ကျော်တန်ဖိုးရှိပစ္စည်းများအား ဗလာမပါကံစမ်းမဲ (၂၅၆) မဲနှင့် အထူးဆု (၁၁) မဲတို့ဖြင့် ကံစမ်းမဲ ဖေါက်ပေးကြောင်း သိရသည်။
မြင့်မော်ထွန်း(အောင်မြေသာစံ၊ပြန်/ဆက်)