ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ရေငန်ပုစွန်အဆင့်မြင့်မွေးမြူရေး၊ တစ်ပိုင်တစ်နိုင် သားဖောက်လုပ်ငန်းနှင့် ပင်လယ်ပြင်ဘေးအန္တရာယ်ကင်းရှင်းရေး သင်တန်းဖွင့်လှစ်

မောင်တော နိုဝင်ဘာ ၈

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်ဝန်ကြီးဌာန၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ရေငန်ပုစွန်အဆင့်မြင့်မွေးမြူရေး၊ တစ်ပိုင်တစ်နိုင်သားဖောက်လုပ်ငန်း ပင်လယ်ပြင်ဘေးအန္တရာယ်ကင်းရှင်းရေး သင်တန်းဖွင့်လှစ်ခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က ခရိုင်ငါးလုပ်ငန်းဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။ 

ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနေဦးက အဖွင့်အမှာစကားပြောကြားရာတွင် ရေငန်ပုစွန် အဆင့်မြင့်မွေးမြူရေး၊ တစ်ပိုင်တစ်နိုင် သားဖောက်သင်တန်း၊ ငါးဖမ်းရေလုပ်သားများ၊ ပင်လယ်ပြင်ဘေးအန္တရာယ်ကင်းရှင်းရေး သင်တန်းများဟာ မောင်တောခရိုင်၊ မောင်တောမြို့နယ်အတွင်းမှာရှိသော ရေငန်ပုစွန်မွေးမြူရေးလုပ်ငန်းများမှ အထွက်တိုးမွေးမြူနည်းစနစ်နဲ့ မွေးမြူတတ်လာစေဖို့လိုအပ်တဲ့ ရေငန်ပုစွန်သားပေါက်များကို တစ်ပိုင်တစ်နိုင် ထုတ်လုပ်တတ်လာစေဖို့၊ ပင်လယ်မြစ်ချောင်းများမှာ ငါးဖမ်းကြတဲ့ရေလုပ်သားများအနေဖြင့် လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ်ကင်းရှင်းစွာ လုပ်ငန်းဆောင်ရွက်တတ်ကြစေဖို့ စသည့်ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ပို့ချပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် မောင်တောခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူး ဦးနိုင်ဝင်းသိန်းက ရေငန်ပုစွန်အဆင့်မြင့်မွေးမြူရေး၊ တစ်ပိုင်တစ်နိုင်သားဖောက်လုပ်ငန်းနှင့် ပင်လယ်ပြင်ဘေးအန္တရာယ်ကင်းရှင်းရေး သင်တန်းဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းကိုကျေးရွာများရှိ သင်တန်းသား ၄၆ ဦး တက်ရောက်သင်ယူမည်ဖြစ်ပြီး  နည်းပြများ စာတွေ့၊လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ရာ သင်တန်းကာလမှာ  သုံးရက်တာဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းဖွင့်ပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးကံထွန်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူး ဦးနိုင်ဝင်းသိန်းနှင့်ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်အဆင့်ဌာဆိုင်ရာများနှင့် သင်တန်းသားများ  တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး၊ ခရိုင်(ပြန်/ဆက်)