ပေါင်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ မူလတန်း၊ အလယ်တန်းအဆင့်အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲ ကျင်းပ

ပေါင် နိုဝင်ဘာ ၇

မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ အခြေခံပညာ(ထက်၊ လယ်၊ မူ)ကျောင်းများမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား/သူများ၏ မြို့နယ်အဆင့် အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲကို မြို့နယ်အခြေခံပညာဦးစီးဌာနမှဦးဆောင်၍ ယနေ့နံနက်(၉း၀၀)နာရီက(အ.ထ.က)ပေါင် ရွှေရတုခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းအေးက ကျောင်းသားလူငယ်များ ယခုလိုပညာရည်ထူးချွန်ပွဲ စွမ်းရည်ပြိုင်ပွဲများကို ပြုလုပ်ပေးသည့်အတွက် မြို့နယ်အတွင်းရှိ ကျောင်းသား/သူများ ညာဏ်ပညာမြင့်မားလာခြင်း၊ လူအများနဲ့ဆက်ဆံတတ်လာခြင်း၊ အသိပညာများတိုးပွားလာမည့်ဖြစ်ကြောင်း အမှာစကားပြောကြားခဲ့သည်။

အဆိုပါ စွမ်းရည်ပြိုင်ပွဲကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၁၆၃)ကျောင်းမှ မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် Grade-5 မှ Grade-9 အထိ ကျောင်းသား/သူများ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကို ကျောင်းသား/သူ(၁၉၀)ဦး၊ သင်္ချာစွမ်းရည်ပြိုင်ပွဲကို ကျောင်းသား/သူ(၂၀၁)ဦး စုစုပေါင်းကျောင်းသား/သူ(၃၉၁)ဦး ဝင်ရောက်ယှဉ်ပြိုင်ဖြေဆိုခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)