ကျိုက်ထိုမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ကျိုက်ထို နိုဝင်ဘာ ၇

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူ လူငယ်၊ လူရွယ်များ အသိပညာဗဟုသုတတိုးပွားစေရေး ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ (၇)ရက် နံနက်(၁၀)နာရီက ကျိုက်ထိုမြို့၊ တောင်သူစုရပ်ကွက်ရှိ မူလွန်-ရှမ်းစုကျောင်း၌ လူငယ်ရေးရာ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ‌သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မိုးသန္တာမှ အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က လူငယ်များအနေဖြင့် ပေါင်းသင်းဆက်ဆံရေးကဏ္ဍ အရေးပါပုံအ‌ကြောင်း၊ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးပြုကြရေး၊ ကျောင်းစာကို ကြိုးစားကြသလို ဗဟုသုတတိုးပွားရေးအတွက် ပြင်ပစာပေများကိုပါ လေ့လာဖတ်ရှုကြရေးတို့ကို ဟော‌ပြောဆွေးနွေးခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်၊ ကလေးသူငယ်စစ်မှုထမ်းခြင်းမှ ကာကွယ်ရေး၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းအန္တရာယ် ကြိုတင်ကာကွယ်ရေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။

ကျိုက်ထို (ပြန်/ဆက်)