ကျောက်ဖြူ နိုဝင်ဘာ ၇
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ခင်ယုယုနွယ်က လူငယ်များ စာဖတ်စွမ်းရည်တိုးတက်စေရေး၊ စာဖတ်ရှိန်မြင့်တင်ရေးနှင့် ဗလငါးတန်နှင့်ပြည်စုံသော လူငယ်လူရွယ်များ ဖြစ်လာစေရေးစသည့် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်ယုယုနွယ်က ဦးဆောင်ဆွေးနွေးသူ (Moderator)အဖြစ် ပါဝင်ဆောင်ရွက်ပြီး အ.ထ.က(၁) Grade–11 မှ မမျိုးမျိုးစံက “လူငယ်နှင့်စာရိတ္တ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade–10 မှ မအိအိချိုဇင်က “လူငယ်နှင့်ရည်မှန်းချက်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade–11 မှ မောင်လင်းထက်က “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade–12 မှ မောင်မင်းဟိဏ်းထက်က “လူငယ်နှင့်ခေါင်းဆောင်မှု” ခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ကျောင်းသူများမှ ဆွေးနွေးပြောကြားချက်များအပေါ် မိမိတို့ သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ ဆွေးနွေးသူများမှ ပြန်လည်ရှင်းလင်းဆွေးနွေး ဖြေကြားကြသည်။ ထို့နောက်ဆွေးနွေးပွဲတွင် ပါဝင်ကြသည့် ကျောင်းသား/ကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးက အမှတ်တရလက်ဆောင် ပစ္စည်းများပေးအပ်ချီးမြှင့်ပြီး အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ တာဝန်ခံဆရာကြီး ဦးညိုအေးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ ဆက်လက်၍ ကျောင်းသား၊ကျောင်းသူများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်ပြပွဲနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ဖြိုးဝေလင်း (ပြန်/ဆက်)