ပင်လုံ အောက်တိုဘာ ၂၂
ရှမ်းပြည်နယ် တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ မြို့မဈေးနှင့် ယာယီပျံကျဈေးအတွင်း၌ လွိုင်လင်မြို့နယ် စည်ပင်သာယာရေးဌာနမှ ဦးစီးအရာရှိ ဦးသောင်းထွန်းဇော်နှင့် ဝန်ထမ်းများ က ပင်လုံမြို့မဈေးနှင့် ယာယီပျံကျဈေးအတွင်း ဈေးရောင်းချသူများ၊ ဈေးဝယ်သူပြည်သူများ ရောဂါကူးစက်မှုမရှိစေရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာညွှန်ကြားချက် စည်းကမ်းများလိုက်နာခြင်းမရှိဘဲ နှာခေါင်းစည်း Mask တပ်ဆင်ခြင်းမရှိသူများအား အရေးယူမှုများ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အသိပညာပေး လှည့်လည်ဆော်ဩခြင်းကို ယနေ့နံနက် ၉ နာရီအချိန် က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေး လှည့်လည်ဆော်ဩခြင်းတွင် ပင်လုံမြို့ မြို့မဈေးနှင့် ယာယီပျံကျဈေးသို့ လာရောက် ဈေးရောင်းချသူများ၊ ဈေးဝယ်သူပြည်သူများအနေဖြင့် နှာခေါင်းစည်း Mask တပ်ဆင်ခြင်းမရှိပါက ၂၆-၁၀-၂၀၂၀ ရက်နေ့မှစတင်၍ ဒဏ်ငွေ(၁၅၀)ကျပ်နှင့် Mask တန်ဖိုး(၅၀)ကျပ် စုစုပေါင်း ဒဏ်ငွေ(၂၀၀)ကျပ် ပေးဆောင်ရ မည် ဖြစ်ကြောင်း ကြိုတင် အသိပညာပေး လှည့်လည်ဆော်ဩခဲ့ကြောင်း သိရသည်။
နန်းမြင့်မြင့်ဆွေ (ပင်လုံ၊ ပြန်/ဆက်)