မြောက်ဥက္ကလာပမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဖွင့်လှစ်

မြောက်ဥက္ကလာပ နိုဝင်ဘာ ၇

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်  မီးသတ်ဦးစီးဌာန သင်တန်းခန်းမတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းအမှတ်စဥ် (/၂၀၂၃)ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါသင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လောဟာက အဖွင့်အမှာစကားပြောကြားရာတွင် လုပ်သားပြည်သူများ၏ ဘဝများငြိမ်းချမ်းသာယာစေရန်နှင့် လုံခြုံစိတ်ချရစေရန် မြို့နယ်အတွင်း ဖွဲ့စည်းထားရှိပြီးသော အရန်မီးသတ်တပ်ဖွဲ့ဝင်များအား မီးသတ်ပညာရပ်များ၊ ကယ်ဆယ်ရေး ပညာရပ်များ တတ်မြောက်စေရေးနှင့်စည်းကမ်း သေဝပ်မှုရှိစေရေးတို့အတွက် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းများကို နှစ်စဉ်‌လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း၊ အရန်မီးသတ်တပ်ဖွဲ့ဆိုတာ စေတနာ၊ ဝါသနာ၊ အနစ်နာဆိုတဲ့ နာသုံးနာကိုအခြေခံပြီး စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်ရသည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ မီးသတ်တပ်ဖွဲ့ရဲ့ ရည်မှန်းချက်တာဝန်(၄)ရပ်ဖြစ်တဲ့ မီးဘေးလုံခြုံရေး၊ ရှာဖွေကယ်ဆယ်ရေး၊ သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရေး စတဲ့ရည်မှန်းချက်လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးအနေဖြင့် သိသင့်သိထိုက်သော ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ၊ မီးသတ်ပညာရပ်များ၊ ကယ်ဆယ်ရေးဆိုင်ရာပညာရပ်များကို အခြေခံမှစ၍သင်ကြားပေးမှာဖြစ်တဲ့အတွက် သင်တန်းပြီးမြောက်သည်အထိ လေ့လာဆည်းပူးသင်ယူကြပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းများကို သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် လက်တွဲ၍  ဆောင်ရွက်သွားကြရန်” တိုက်တွန်းပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင့်နိုင်က အမှာစကားဆက်လက်ပြောကြားခဲ့သည်။

ထို့နောက်  မြိုနယ်မီးသတ်ဦးစီးမှူး ဦးပြည့်စုံက သင်တန်းစည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့ပြီး အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ သင်တန်းသားများ တက်ရောက်ခဲ့ပြီး သင်တန်းသား (၅၀)ဦးဖြင့် နိုဝင်ဘာလ  ၆ ရက်နေ့မှ ဒီဇင်ဘာ ၁ ရက် ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြမြဝင်း (ပြန်/ဆက်)