ဘူးသီးတောင် နိုဝင်ဘာ ၇
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ ၂၀၂၃ ခုနှစ် ယနေ့တွင် ကျရောက်သည့်(၃၅) ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းက နှစ်ပတ်လည်နေ့နှင့်ပတ်သတ်၍ အဖွင့်အမှာစကားပြောကြားပြီး ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ သမိုင်းကြောင်းများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် ဘူးသီးတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သည့် အငြိမ်းစားဝန်ထမ်းများအား လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပြီး မုန့်နှင့်လက်ဖက်ရည်များဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။
ဆက်လက်၍ (၃၅)ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့အထိမ်းအမှတ် ပျော်ပွဲ၊ ရွှင်ပွဲများအဖြစ် ဝန်ထမ်းများအား အမျိုးသားခြင်းလုံးပြိုင်ပွဲ၊ အမျိုးသမီးလွန်ဆွဲပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီးသံပုံးရိုက် ပြိုင်ပွဲ၊ ဗလာမပါ ကံစမ်းမဲဖေါက်ခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်ဝင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သက်ဇံနှင့်ဝန်ထမ်းများ၊ ဘူးသီးတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သည့် အငြိမ်းစားဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
လှကျော်(ပြန်/ဆက်)