တောင်ဥက္ကလာပ နိုဝင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်သည့် (၃၅)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသောအားဖြင့် တောင်ဥက္ကလာပ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က အမှတ် ၁၀ ရပ်ကွက်၊ မေတ္တာလမ်း၊ အမျိုးသမီးနှင့်ကလေးဆေးရုံကြီ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ထိုသို့ သွေးလှူဒါန်းရာတွင် အမှတ် ၁၀ ရပ်ကွက်ရှိ အမျိုးသမီးနှင့်ကလေးဆေးရုံကြီး သွေးလှူဘဏ်၌ ဝန်ထမ်းများ စုပေါင်းသွေးလှူခြင်းကို ဆောင်ရွက်ခဲ့ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အမျိုးသားဝန်ထမ်း (၄) ဦးမှ စုပေါင်းသွေးလှူဒါန်းခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်မိုးနှင့် ဝန်ထမ်းများမှ ဂုဏ်ပြုအားပေးခြင်းများ ဆောင်ရွက်ခဲ့သည်။ ထို့နောက် အမျိုးသမီးနှင့်ကလေးဆေးရုံအုပ်ကြီးမှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ခင်ဆွေနှင်း (ပြန်/ဆက်)