ပြင်ဦးလွင်မြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ပြင်ဦးလွင် နိုဝင်ဘာ ၇

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက ပြင်ဦးလွင်မြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပရာ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်နှင့်တာဝန်ရှိသူများ၊ ပြင်ဦးလွင်ခရိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ခရိုင်အားကစားမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်နိုင်ထူး၊ စာရေးဆရာ ကိုရွှေအောင်သင်း၊ ကျောင်းအုပ်ဆရာကြီး ကိုယ်စား တာဝန်ခံဆရာမနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ စုံလင်စွာတက်ရောက်သည်။

ရှေးဦးစွာ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးကိုယ်စား တာဝန်ခံဆရာမက အဖွင့်အမှာစကား ပြောကြား၍ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က  လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။

ထို့နောက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဆက်လက်ကျင်းပရာ ခရိုင်အားကစားမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်နိုင်ထူးက ဗလငါးတန်အကြောင်းသိကောင်းစရာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ ကိုရွှေအောင်သင်းက အနာဂတ်ကိုပိုင်စိုးမည့်သူများ ခေါင်းစဉ်ဖြင့်ဟောပြောဆွေးနွေးပြီး ပြန်လည်ဆွေးနွေးသည့် ကျောင်းသား/ကျောင်းသူများအား အမှတ်တရလက်ဆောင်များပေးအပ်သည်။ ထို့နောက် စာရေးဆရာကိုရွှေအောင်သင်းက အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းစာကြည့်တိုက်အတွက် သုတ/ရသ စာအုပ်လက်ဆောင်များပေးအပ်ရာ ကျောင်းတာဝန်ခံဆရာမကြီးတစ်ဦးက လက်ခံရယူသည်။

ထို့နောက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသသော စာဖတ်ခြင်း၏အကျိုးကျေးဇူးများ၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ/ရသစာအုပ်များအား ခင်းကျင်းပြသခဲ့ရာ ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြသည်။ အဆိုပါ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲသို့ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ (၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဖြူလူသစ်(ခရိုင်၊ပြန်/ဆက်)