ကျိုက်မရော နိုဝင်ဘာ ၇
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် နှစ်စဥ်ရိုးရာမပျက် ကျင်းပလျက်ရှိသောကျေးရွာမှ သမိုင်းဝင် ဆုတောင်းပြည့်ဘုရားတစ်ဆူဖြစ်သော ကျိုက်ဓမ္မဿဘုရားပွဲတော်ကြီးကို သီတင်းကျွတ် လပြည့်ကျော် ၆ရက်မှ ၉ရက်နေ့အထိ ရိုးရာမပျက်ကျင်းပလျက်ရှိရာ ဒေသခံပြည်သူများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားပွဲတော်လာပြည်သူများဖြင့် ကြိတ်ကြိတ်တိုးစည်ကားခဲ့ကြောင်း သိရသည်။
အဆိုပါ ကျိုက်ဓမ္မဿဆုတောင်းပြည့်စေတီသည် ကျိုက်မရောမြို့ အရှေ့မြောက်ဘက် ကော့ပလိုင်ချောင်းနှင့် ဂျိုင်းမြစ်ကမ်းနဖူး၌ သာယာလှပစွာ တည်ထားကိုးကွယ်ထားပြီး ညဏ်တော်အမြင့်မှာ ၁၅ပေ ရှိကြောင်း၊ ဘုရားစေတီ၏ မူလဘွဲ့တော်မှာ ဆံတော် (၁၀)ဆူကို ဒေသအခေါ်အားဖြင့် (သုံးဒသ)ဟုခေါ်သောကြောင့် (ကျိုက်ဒသ)ဟုခေါ်ပြီး နောက်လူတို့က (ကျိုက်ဓမ္မသ) ဓမ္မဿစေတီဟု ခေါ်တွင်ခဲ့ကြပြီး အဆိုပါဘုရားပွဲတော်ကြီးကို နှစ်စဥ်သီတင်းကျွတ်လပြည့်ကျော် ၆ရက်မှ ၉ရက်ထိ သုံရက်တိုင် မွန်ရိုးရာဇာတ်ပွဲများ၊ ဘုရားပွဲစျေးတန်းများ၊ ဒေသအစားအစာမုန့်ဆိုင်များ၊ မွန်ရိုးရာလက်ဆောင်ပစ္စည်းဆိုင်ခန်းများဖြင့် စည်ကားများပြားလျက်ရှိသည်။
ဘုရားပွဲတော်ကာလအတွင်း ပြည်သူများအနေဖြင့် တောင်ပေါ်ဘုရားဖူးခြင်း၊ ဂျိုင်းမြစ်နှင့် ဓမ္မသာကျေးရွာ ရူ့ခင်းအလှအပများကို တောင်ပေါ်မှ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ တောင်ခြေရှိ မဏ္ဍပ်များ၌ဧည့်ခံကျေးမွေးသော စတူဒီသာများကို ပျော်ပျော်ပါးပါး စားသောက်ကြပြီး ရွာအတွင်းရှိ ရိုင်းချိုင်းဂူနှင့် ဟွန်းမဲ့တောင်တို့ကိုလည်း သွားရောက်လည်ပတ်သင့်ကြောင်း ဒေသခံများထံမှ သိရသည်။
ကျိုက်ဓမ္မသဘုရား၏ ထူးခြားသော ဝိသေသမှာ ရေအောက်တစ်ဝက်၊ ကုန်းတစ်ဝက်တောင်ပေါ်မှာ တည်ထားသည့် ဆံတော်ရှင်(၁၀)ဆူဘုရားဖြစ်ပြီး ဆုတောင်းအလွန်ပြည့်သောဘုရားဖြစ်၍ နှစ်စဥ်ဘုရားပွဲတော်လာ ရောက်လည်ပတ်သူ နှစ်သောင်းခန့်ရှိကြောင်း ဒေသခံများ၏ ပြောပြချက်အရသိရသည်။
မိချို (ပြန်/ဆက်)